Home
မြန်မာသတင်း
အင်ဒိုနီးရှားပင်လယ်ပြင်တွင်  ရိုဟင်ဂျာ ၆ ဦးရဲ့  ရုပ်အလောင်းထပ်တွေ့ 
DVB
·
March 26, 2024
indo 2632024

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ ပင်လယ်ပြင်မှာ တိမ်းမှောက်သွားတဲ့ ရိုဟင်ဂျာလှေတစီး ပေါ်က သေဆုံးပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေတာမှာ နောက်ထပ် သေဆုံးနေသူ ၆ ဦးရဲ့ ရုပ်အလောင်းတွေ ထပ်မံတွေ့ရှိခဲ့ရကြောင်း ဒေသအာဏာပိုင်တွေက မတ်လ ၂၅ ရက်က ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကနေ ရိုဟင်ဂျာဒုက္ခသည်  ၁၅၀ ကျော်တင်ဆောင်လာတဲ့ လှေတစ်စီးဟာ ပြီးခဲ့တဲ့သီတင်းပတ် ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားကမ်းလွန်ပင်လယ်ပြင်မှာ  တိမ်းမှောက်ခဲ့တာပါ။ 

ငါးဖမ်းသမားတွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်သားတွေက ၇၅ ဦးကို လှေမှောက်ပြီးနောက်နေ့ ကြာသပတေးနေ့မှာပဲ  ကယ်တင်နိုင်ခဲ့ကြပါတယ်။ ပျောက်ဆုံးနေသူ သို့မဟုတ် သေဆုံးသွားသူ အနည်းဆုံး နောက်ထပ် ၇၀ ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ကုလအေဂျင်စီတွေက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

နောက်ထပ်တွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ အမျိုးသမီးရုပ်အလောင်းတွေ ဖြစ်ကြောင်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအရာရှိတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ရုပ်အလောင်း ၅  လောင်း  ရှာဖွေတွေ့ရှိခဲ့ပြီး လည်း ဖြစ်ပါတယ်။

အဲဒီလှေပေါ်မှာ အမျိုးသမီးတွေလိုက်ပါလာကြောင်းကို လှေတိမ်းမှောက်မှုကနေ လွတ်မြောက်လာခဲ့သူတွေက ပြောတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီရဲ့ ဝန်ထမ်း ဖိုင်ဆယ်ရာမန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်တွေအဖြစ် ရောက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာ ၁ သန်းလောက်ဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့် အနှိမ်ခံခွဲခြားဆက်ဆံခံရမှုတွေ ကြောင့် မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာလည်း ထိုင်းနဲ့ မလေးရှားတို့လိုပဲ ကုလသမဂ္ဂရဲ့ ၁၉၅၁ ဒုက္ခသည်များကာကွယ်ရေး သဘောတူညီချက်ကို ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့် ဒုက္ခသည်တွေကို ကယ်တင်ထားဖို့ တာဝန်မရှိပါဘူး။

ဒါပေမဲ့ အင်ဒိုနီးရှားဟာ အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် ယာယီစခန်းတွေ ဆောက်လုပ်ထောက်ပံ့ပေးထားကြောင်း  AP သတင်းမှာ ဖော်ပြထားပါတယ်။

Source:AP 

Photo- UNHCR

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013