Home
မြန်မာသတင်း
မတ္တရာမြို့နယ်ရှိ  ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
March 26, 2024
fire 2632024

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က မတ် ၂၃ ရက် မနက် ၁၀ နာရီလောက်ကစပြီး ဆိပ်သာကျေးရွာ၊ အုန်းကုန်းကျေးရွာ၊ ကွေ့ကြီးကျေးရွာ၊ ကျွဲတပ်ကျေးရွာနဲ့ ကျွဲကျကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖကနေ သိရပါတယ်။

မတ္တရာမြို့နယ် ငါးလုံးပြွန်ကျေးရွာမှ စစ်သား ၆၀ ခန့်၊ တံငါကျေးရွာမှ စစ်သား ၅၀ ခန့်နဲ့ သဖန်းကိုင်းကျေးရွာက စစ်သား ၁၀၀ ခန့် မတ္တရာမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို ပိုက်စိပ်တိုက် စစ်ကြောင်းထိုးလာပြီးနောက် မီးရှို့ခဲ့တာလို့ မတ္တရာမြို့နယ် သတင်းတာဝန်ခံ ဘိုတောက်က ပြောပါတယ်။

“စစ်ကြောင်းကတော့ မနက်အစောပိုင်းက‌တည်းက ဝင်တာ။ လက်နက်ကြီး၊ လက်နက်ငယ်၊ စနိုက်ပါကအစ ပစ်ခတ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတယ်အထင်နဲ့ တူတယ်။”

စစ်ကောင်စီတပ်က ဆိပ်သာကျေးရွာမှ နေအိမ် ၄၄ လုံး၊ အုန်းကုန်းကျေးရွာမှ နေအိမ်သုံးလုံး၊ ကွေ့ကြီးကျေးရွာမှ နေအိမ် ၁၃ လုံး၊ ကျွဲတပ်ကျေးရွာမှ နေအိမ်တလုံး၊ ကျွဲကျကျေးရွာမှ နေအိမ်နှစ်လုံး၊ စုစု‌ပေါင်း နေအိမ် ၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မတ် ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဆိပ်သာနဲ့ ကျွဲကျရွာကြားကို RPG နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်နေတဲ့ ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်က မတ် ၂၃ ရက်ကတည်းက စစ်ကြောင်းပြန်ထွက်သွားတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေ မရှိဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013