Home
မြန်မာသတင်း
“သတ်ချင်ရင်လည်းသတ် လူငယ်တွေကိုတော့ ရှေ့တန်းမလွှတ်နိုင်ဘူး” စစ်တပ်အငြိမ်းစား အရာရှိတဦး
DVB
·
March 26, 2024
Military-training_14022024

အတွေ့အကြုံမရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းတာဟာ သေဖို့အတွက် ရှေ့တန်းလွှတ်သလို ဖြစ်နေတာကြောင့် စေလွှတ်မှာမဟုတ်ဘဲ သူ့ကို သတ်ချင်လည်း သတ်နိုင်တယ်လို့ စစ်သားစုဆောင်းရေးအဖွဲ့မှာပါဝင်တဲ့ စစ်တပ်အငြိမ်းစားအရာရှိတယောက်က DVB ကို ပြောပါတယ်။

“အခြေအနေကတော့ ဆိုးတယ်။ အခု စစ်မှုထမ်းစာရင်းတွေကောက်တယ်၊ စာရင်းလည်း သွားပို့ရတယ်၊ အုပ်ချုပ်ရေးမှူးအတော်များများက ထည့်ကြတာ။ လူငယ်တွေကို အဘကတော့ မထည့်နိုင်ဘူး၊ သတ်ရင်လည်းသတ် မသတ်ရင်လည်းနေ။ တခုတော့ ရှိတယ် စစ်မှုထမ်းဟောင်းတွေကို ထည့်မယ် ဒီကလေးတွေရဲ့ကိုယ်စား။ စစ်ဘက်က ဆယ်ယောက် ထည့်ရင် ငါးယောက်ပဲ ကျမယ်၊ လူထု ဆယ်ယောက်ထည့်ရင် အကုန်သေမှာ အဘကတော့ မထည့်နိုင်ဘူး။ ကလေးတွေက သက်လုံလည်း မကောင်းဘူး၊ နောက်ပြီးတော့ ဆေးမအောင်လည်း သူတို့က အောင်အောင်လုပ်ပြီးထည့်မှာ။ အတွေ့အကြုံလည်းမရှိတဲ့အခါကျ ဒီကလေးတွေက သေမှာပဲလေ။” 

ဒါ့အပြင် စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းစာရင်းကောက်ပြီး အဓမ္မစစ်သားစုဆောင်းနေတာဟာ ရှေ့တန်းတိုက်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုသွားဖို့ ကြံရွယ်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ 

“အရပ်သားတွေကို သူက ခေါ်တယ်။ အဲထဲမှာ ရှေ့ကနေ လူ ၁၀၀ သွားရင် နောက်ကနေပြီးတော့ စစ်သားက ၁၀ ယောက်လောက်ပဲ လိုက်မှာ၊ အဲလိုပုံစံမျိုးလုပ်မှာ။ အဲလိုဆိုတော့ အဘအနေနဲ့ ဘယ်လိုမျိုး အရပ်သားတွေကို ထည့်ပေးရက်မလဲ။ တကယ်လို့ ထည့်ပေးခဲ့ရင် သူ့မှာ မိဘတွေ ရှိတယ်၊ ညီကိုမောင်နှမတွေရှိတယ်။ အဲတော့ အဘအနေနဲ့ကတော့ လူစားထိုးလို့ ရသလောက်ထိုးမယ်၊ ထိုးလို့မရလို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ရင်တော့ အဘထွက်မယ်။ အခု အရပ်သားတွေကို သူတို့ ထည့်မယ်ဆိုရင် စစ်ရေးကျွမ်းတဲ့သူလည်း မရှိဘူး၊ အဲတော့ ဒီကလေးတွေကို သတ်လိုက်သလိုလဲဖြစ်တယ်။ ပထမ အဘနေနေတဲ့ ရပ်ကွက်က ကိုယ်စားပြုပြီးတော့ ငါးယောက်ထည့်ထားတယ်၊ စစ်မှုထမ်းဟောင်းတွေကို ထည့်ပေးလိုက်တယ်လေ။ အဲစစ်မှုထမ်းဟောင်းတွေတောင် ကျကုန်ပြီ။” 

နိုင်ငံတဝန်းမှာ စစ်ကောင်စီက စစ်မှုထမ်းစာရင်းကောက်ခံတာနဲ့ အဓမ္မစစ်သားစုဆောင်းခိုင်းတာတွေ လုပ်နေတာကြောင့် လူငယ်တွေ အခက်အခဲကြုံနေကြသလို စစ်မှုထမ်းစာရင်းကောက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆင့်ခေါ်ရေးအဖွဲ့ဝင်တွေလည်း ပစ်သတ်ခံရတာတွေ များလာနေပါတယ်။

နိုင်ငံတဝန်းက စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ စာရင်းကောက်ယူရေးအဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်ကောင်စီအလိုကျ စာရင်းကောက်တာနဲ့ အဓမ္မစစ်သားစုဆောင်းတာတွေမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားတာကြောင့် တချို့မြို့နယ်တွေမှာ ရက်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြပြီး ပစ်သတ်ခံရမှုတွေလည်း များလာနေပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ စာရင်းကောက်ယူရေး ဖွဲ့စည်းပြီး မတ် ၁ ရက်မှ ၂၄ ရက်အတွင်း ကျိုက်ထို၊ ရွှေဘို၊ ရေတာရှည်၊ စဥ့်ကူး၊ စလင်း၊ အုတ်ဖို၊ ဝမ်းတွင်း၊ ငါန်းဇွန်၊ တောင်ငူ၊ အမရပူရ၊ သဲကုန်းမြို့၊ သပိတ်ကျင်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၁၆ ဦး ပစ်သတ်ခံခဲ့ရတယ်လို့ DVB သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှာတော့ စစ်ကောင်စီဘက်က ဖိအားပေးတောင်းခံလာတဲ့ စစ်မှုထမ်းဖို့ လူစာရင်း မပေးနိုင်တာကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ လောက် နုတ်ထွက်သွားတယ်လို့ သိရပါတယ်။

တချို့မြို့နယ်တွေမှာတော့ ရပ်ကွက်ကျေးရွာအလိုက် စစ်မှုမထမ်းလိုသူတွေကို အုပ်ချုပ်ရေးမှူးတွေက တအိမ် ၁ သောင်းကနေ ၁ သိန်းလောက်အထိ ငွေကြေးတောင်းခံပြီး လူစားထည့်ပေးနေကြတယ်လို့ သိရပါတယ်။ 

ကျေးရွာတခုမှာ နေထိုင်သူတဦးက “ကျေးရွာလူကြီးက မေးတယ် ကိုယ့်သဘောနဲ့ ကိုယ် ဘယ်သူလိုက်မလဲမေးတော့ ဘယ်သူမှ မလိုက်ဘူး။ အဲတော့ ကောင်းလေးတယောက်က ကျနော်လိုက်မယ်ဆိုပြီး ထပြီးလက်ထောင်တယ်။ ကျနော့်ကို ဘယ်လိုခံစားခွင့်ပေးမလဲဆိုတော့ အုပ်ချုပ်ရေးမှူးက မင်းခံစားခွင့် ဘယ်လိုလိုချင်တာလဲမေးတော့ ကျနော့်အမေက အိပ်ရာထဲ လေဖြတ်ပြီးတော့ လဲနေတယ်တဲ့။ ဆေးကုစရာလည်းမရှိဘူး၊ ထမင်းလည်း စားစရာမရှိဘူးတဲ့။ အဲတော့ ကျနော်အမေအတွက် ဆေးဖိုးဝါးခနဲ့ စားဖို့သောက်ဖို့ရရင် တော်ပြီဆိုပြီး ပြောတယ်။ အဲတော့ ကျေးရွာလူကြီးက ဘယ်လိုလုပ်လိုက်လဲဆိုတော့ တအိမ်ထောင်ကို ၁ သောင်း၊ အဲတော့ သူလိုက်သွားတယ် သူပြန်မလာမချင်း ပေးနိုင်မလားဆိုပြီးမေးတော့ ကျေးရွာက လူတွေက ပေးနိုင်တယ်ဆိုပြီးပြောတယ်။ အဲတော့ အကုန်လုံးစုလိုက်တော့ သိန်း ၆၀၊ ၇၀ လောက်ရသွားတယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှုမထမ်းမနေရ ဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာတည်တဲ့အကြောင်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လူငယ်တွေကို အဓမ္မစစ်သားစုဆောင်းတာတွေလည်း များလာနေပါတယ်။

ဒါကြောင့် လူငယ်တွေဟာ ပြည်တွင်းမှာ ဆက်လက်နေထိုင်ဖို့ စိုးရိမ်လာနေကြတာကြောင့် တော်လှန်ရေးအဖွဲ့တွေထဲ အများအပြား ဝင်ရောက်နေကြသလို ပြည်ပနိုင်ငံတွေကို တရားဝင်ရော တရားမဝင်ပါ ထွက်ခွာနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013