Home
နိုင်ငံတကာ
တရုတ်အစိုးရနှင့် ပတ်သက်သူ  ၂ ဦးနှင့် ကုမ္ပဏီ ၁ ခုကို ဗြိတိန် ပိတ်ဆို့အရေးယူ
DVB
·
March 26, 2024
Britain sanctions Chinese company, individuals over cyber activity

ဗြိတိသျှဒုတိယဝန်ကြီးချုပ် အော်လီဗာဒေါဒန်က ဗြိတိန်ဟာ တရုတ်အစိုးရနဲ့ ပတ်သက်နေတဲ့ လူနှစ်ဦးနဲ့ ကုမ္ပဏီတခုကို ပိတ်ဆို့အရေးယူခဲ့တယ်လို့ မတ် ၂၅ ရက်က လွှတ်တော်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။

အရာရှိတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားတဲ့ အန္တရာယ်ရှိတဲ့ ဆိုက်ဘာဖောက်ထွင်းမှုနဲ့ သူတို့ကို စွပ်စွဲပြီး ပိတ်ဆို့အရေးယူခဲ့တာပါ။

“APT31” လို့ နာမည်ပြောင်ပေးထားတဲ့ ဟက်ကာအဖွဲ့ဟာ တရုတ်အစိုးရ လုံခြုံရေး ဝန်ကြီးဌာနရဲ့ လက်ရုံးဖြစ်တယ်လို့ ဗြိတိန်နဲ့ အမေရိကန် အာဏာပိုင်တွေက စွပ်စွဲထားပြီး ပစ်မှတ်ဖြစ်တဲ့ အိမ်ဖြူတော်ဝန်ထမ်းတွေ၊ အမေရိကန် အထက်လွှတ်တော်အမတ်တွေ၊ ဗြိတိန်လွှတ်တော် အမတ်တွေနဲ့ အစိုးရအရာရှိတွေ အပါအဝင် နိုင်ငံတဝန်းက အစိုးရ အရာရှိတွေရဲ့ ရှည်လျားပြည့်စုံတဲ့ စာရင်းရှည်ကြီးကို တရစပ် ပြောခဲ့ပါတယ်။

ကာကွယ်ရေး ကန်ထရိုက်တာတွေ၊ အတိုက်အခံတွေ၊ လုံခြုံရေးကုမ္ပဏီတွေလည်း ဆိုင်ဘာ ဖောက်ထွင်းခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လွှတ်တော်အမတ် အီယန် ဒန်ကန် စမစ်သ်က တရုတ်ကိုဝေဖန်တဲ့ ဗြိတိန်နိုင်ငံရေးသမားတွေဟာ “နှောင့်ယှက်ခြင်း၊ အယောင်ဆောင်ခြင်းနဲ့ ဆိုင်ဘာ ဖောက်ထွင်းဝင်ရောက်ဖောက်ဖျက်ခြင်း” တွေကို ခံခဲ့ရတယ်လို့ လန်ဒန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ဖို့ အသက်နဲ့ရင်းထားတဲ့ တရုတ်အတိုက်အခံတွေနဲ့ နှိုင်းယှဉ်ရင် ကျနော်တို့ရဲ့ အဆင်မပြေမှုက လျော့နည်းနေပါသေးတယ်။ သူတို့ရဲ့ အိမ်ရှင်အစိုးရတွေဆီက ပိုကောင်းတဲ့ ထောက်ခံမှုကို ရဖို့ အချိန်တန်ပါပြီ” လို့လည်း သူက ဆက်ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဟက်ကာစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က တရုတ်အစိုးရကို ဝေဖန်သူတွေကို ဖိနှိပ်ဖို့၊ အစိုးရအဖွဲ့အစည်းတွေကို အပေးအယူလုပ်ဖို့နဲ့ ကုန်သွယ်မှု လျှို့ဝှက်ချက်တွေကို ခိုးယူဖို့ဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီပြောဆိုချက်တွေက “လုံးဝ လုပ်ကြံဖန်တီးထားတဲ့ အလိမ်အညာတွေ၊ မလိုမုန်းထားတဲ့ အသရေဖျက် လုပ်ကြံမှုတွေ” လို့ လန်ဒန်ရှိ တရုတ်သံရုံးက တုံ့ပြန်ပြောဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်လက်ထက် ဆယ်စုနှစ်တွေအတွင်း ဆက်ဆံရေး အနိမ့်ဆုံးအထိ ကျဆင်းသွားပြီးနောက် ဗြိတိန်နိုင်ငံဟာ အမျိုးသားလုံခြုံရေး စိုးရိမ်ချက်တွေကြောင့် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတချို့ကို ကန့်သတ်ခဲ့ပါတယ်။

ဟောင်ကောင်မှာ လွတ်လပ်ခွင့်တွေကို နှိပ်ကွပ်မှုအပေါ် စိုးရိမ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013