ဖိလစ်ပိုင်နိုင်ငံအနေနဲ့ သတိကြီးကြီးထားပြီး ပြုမူဆောင်ရွက်ဖို့၊ တွေ့ဆုံဆွေးနွေးရေးကို ရှေးရှုဖို့ တရုတ်က သတိပေးလိုက်ပါတယ်။
ရေပိုင်နက်အငြင်းပွားမှုကြောင့် နှစ်နိုင်ငံ ကမ်းခြေစောင့်တပ်တွေအကြား ထိပ်တိုက်တွေ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးဟာ လမ်းဆုံလမ်းခွ ရောက်နေပြီလို့ မတ် ၂၅ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယအကြိမ်မြောက် သတိပေးပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲက စပရတ်တလီကျွန်းစု အပါအဝင် ရေပိုင်နက်အရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ လူသိရှင်ကြား အချင်းများနေတာ သုံးလလောက် ရှိလာပြီဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ထဲက စက္ကန်းသောမတ်စ်သဲသောင်ခုံကို ဖိလစ်ပိုင်က ပြုပြင်ပြီး အခြေစိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေ ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပါတယ်။
စက္ကန်းသောမတ်စ်သဲသောင်ခုံမှာ ဖိလစ်ပိုင်က ဒုတိယကမ္ဘာစစ်ကာလ စစ်သင်္ဘော အဟောင်းကြီးကို ကမ်းတင်ပြီး တပ်စွဲရာနေရာ လုပ်ထားပါတယ်။ အဲဒီနေရာကို ရိက္ခာသွားပို့တဲ့ စက်လှေကို တရုတ် ကမ်းခြေစောင့်တပ်တွေက ရေအမြောက်တွေနဲ့ ဝိုင်းထိုးကြလို့ ပြဿနာဖြစ်ခဲ့ရပါတယ်။
တရုတ်အစိုးရက တောင်တရုတ်ပင်လယ် တခွင်လုံးနီးပါး သူပိုင်တယ်ဆိုတဲ့ ရပ်တည်ချက်ကို အခိုင်အမာ စွဲကိုင်ထားပါတယ်။
တကယ်တမ်းမှာတော့ စက္ကန်းသောမတ်စ်သဲသောင်ခုံဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ မိုင် ၂၀၀ ပတ်လည်အတွင်းမှာရှိတဲ့ အထူးသီးသန့်စီးပွားရေးဇုန်ထဲမှာ ပါဝင်နေပါတယ်။
Source/Photo-Reuters