(က)
“သင်္ကြန်နှစ်ဦး တူးပို့ တူးပို့
မြူး တူး တေး သံ သာ . . .
သင်္ကြန်မယ်များ တူးပို့ တူးပို့
ထူး မာ ရဲ့ နော် ဗျာ . . .
ငွေငန်းသံစုံ တူးပို့ တူးပို့
အာ ရုံ ပျော် စေ ရာ
မယ်တို့ကိုလည်း တူးပို့ တူးပို့
မာ ပါ စေ ခ င် ဗျာ . . .”
အဘစိမ်းမောင်တို့အိမ်ခြံဝကို ရောက်တော့ အနှီသင်္ကြန်တေးသံကို ကြားကြရလေ၏။ အိမ်ထဲရောက်တော့ အဘစိမ်း၏သားငယ် သိမ်းကိုကို ခေါ် စိမ်းကိုကိုနှင့် သားကြီး လေးမောင် ခေါ် လေမောင်တို့ တယောက်တပိုဒ်ဆီ ကာရာအိုကေ ဆိုနေတာကို မြင်ကြရပါ၏။ ပက်လက်ကုလားထိုင်ပေါ်မှ အဘစိမ်းကား မျက်စိကိုစုံမှိတ်လျက် ခုံကို လက်ဖြင့် စည်းချက်လိုက်နေပါလေ၏။
“အဖေ့ . . . ဧည့်သည်လာတယ်ဗျို့”
အသံကြီးကား တရွာလုံးပင် ကြားရပါပေ၏။ သားကြီး လေမောင်က မိုက်ကြီးကိုင်ရင်း သူတို့ဖခမည်းတော်ကို ပြောချလိုက်တာကိုးဗျ။ အဘစိမ်း ရုတ်တရက် တုန်ပြီး လန့်သွားတာ မြင်ကြရပါလေ၏။
“ဟားဟား ဟားဟား ဟားဟား”
“ဟဲ့ကောင် လေမောင် . . . မိုက်ကြီးနဲ့အော်ရသလား ငတုံးရဲ့”
“ရှောဒီး ရှောဒီး အဖေ . . . အမှတ်တမဲ့နဲ့ မေ့သွားလို့ မေ့သွားလို့ . . ဟီးဟီးဟီး”
“လုပ်လိုက်ရင် သောက်ရမ်းချည်းပဲ”
သို့ဖြင့် အဆိုကျော်များ ခေတ္တနားစေကာ ရေနွေးကြမ်းဝိုင်းအတွက် ချင်း(ဂျင်း)သုပ် သုပ်ခိုင်းနေပါလေ၏။ အဘစောမူးသာက “အင်း. . . ဘာလိုလိုနဲ့ စတုတ္ထနှစ်မြောက် ‘လူမဲ့သင်္ကြန်’ ရက်တွေတောင် ရောက်တော့မှာပါလား” ဟုဆိုလေရာ အဘစိမ်းက မျက်လုံးလှန်၍ ကြည့်ပါလေ၏။ ပြီးတော့ မေး၏။
“ဘာလဲကွ ‘စတုတ္ထနှစ်မြောက် လူမဲ့သင်္ကြန်’ ဆိုတာ”
“သင်္ကြန်မှာ လူမရှိတာ ၄ နှစ်ရှိပြီလေကွာ”
“ဟမ် . . . . .”
“မင်းတို့အဘ ကြင်စိုး သာဝ မအလ၊ ရာဇပလ္လင်ပေါ်ကို ခွေးတိုးပေါက်က တက်လာချိန်ကစပြီး သင်္ကြန်တွေ ခြောက်ကပ်သွားခဲ့တာလေကွာ”
“မခြောက်ပါဘူးဟ . . . မြဝတီကလွှင့်လွှင့်ပြနေတာတွေထဲမှာတော့ စည်လိုက်တာမှ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်က အရွှင်အဘတွေကို စူးစူးရဲရဲကြီး လှမ်းကြည့်ပါ၏။ စစ်ပြန်ကြီး အဘလုံးတုံးက “မြို့ပေါ်သင်္ကြန်တွေ စည် မစည်တော့ မသိဘူး၊ ဖက်ဆစ်တပ်ရဲ့ ရှေ့တန်းတွေမှာတော့ သင်္ကြန်သီချင်းတွေနဲ့ စည်ကားနေတယ်လို့ ကြားရသကွ” ဟု ဝင်ပြောလေရာ အဘစိမ်းမောင် စိတ်ဝင်စားသွားပါ၏။
“ရှေ့တန်းမှာ သင်္ကြန်သီချင်းတွေ ဆိုနေတယ် . . . ဟုတ်လား”
“ဟုတ်တယ် စိမ်းမောင် . . . ငါတောင် စာသားလေးတွေကြိုက်လို့ မှတ်ထားသေးတယ်”
“ဘယ်လိုစာသားလေးတွေမို့လဲ”
အဘလုံးတုံးက လက်ကာပြီး “ငါဆိုပြမယ်” ဟုပြောကာ ဆိုပြပါလေတော့၏ ခင်ဗျာ။
“မအလ စစ်ဘီလူး တူး ဖို့ တူး ဖို့
အလောင်းများ ပြည့်နေရာ . . .
မအလ အာဏာရူး တူးဖို့ တူးဖို့
တူးဖို့ မဆုံး နော် ဗျာ . . .
နေရာတိုင်းမှာပဲ တူးဖို့ တူးဖို့
အာ ရုံ ချော် စေရာ
စစ်ရုံးမှာလည်း တူး ဖို့ တူးဖို့
လာ မှာ ပါ ခ င် ဗျာ . . .”
“ကျင်းတွေ ‘တူး’ ပြီး ဒက်ဘော်ဒီတွေကို မြေပြန်ပြန် ‘ဖို့’ နေရတာ လက်မလည်ဘူး ဆိုပဲဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
ရေနွေးကြမ်းနှင့် ချင်း(ဂျင်း)သုပ်ကို သုံးဆောင်နေကြစဉ်မှာ အဘစိမ်း၏သားများက မိုက်များပြန်ကိုင်ကာ “ကျနော်တို့ ဆိုလို့ရပြီလားအဖေ့” ဟု မေးပါလေ၏ ခင်ဗျာ။ အဘစိမ်း ဒေါသထွက်နေ၏။
“တော်စမ်း ဟိတ်ကောင်တွေ . . . ဒီမှာ လူကြီးတွေစကားပြောနေတာ မမြင်ဘူးလား၊ မင်းတို့ ကန်းနေလား”
“သင်္ကြန်မှာဆိုဖို့ ကျင့်မလို့ အဖေရ”
“အေး . . . ဧည့်သည်တွေပြန်မှ ဆိုကြ၊ ဆိုရင်လည်း အခြားသီချင်းရွေးဆိုကြကွာ၊ ‘တူးဖို့ တူးဖို့’ အဲလေ . . . ‘တူးပို့ တူးပို့’ တော့ ဆိုမယ်မကြံနဲ့၊ သေမယ်”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
လိုက်လည်းလိုက်တဲ့ အစိမ်းသားအဖတွေဗျ။ စိမ်းကိုကိုနှင့် လေမောင်က စူပွ စူပွ လုပ်နေကြပါလေ၏။ အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ဤသို့ ပြောပါ၏။
“ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုစိမ်းမောင်”
“ဘာ ကွ”
“သူတို့ကြိုက်တာ ဆိုကြပါစေ စိမ်းမောင်ရာ”
“အေး . . . ‘တူးပို့ တူးပို့’ ကလွဲရင် ကြိုက်တာဆို၊ တိုးတိုးလုပ်ကြ ဟေ့ကောင်တွေ”
“သိုင်းကျူးပါ ဖားသား . . . အာဘွား”
“သေနာကောင်တွေ”
“ဟားဟား ဟားဟား ဟားဟား”
စကားဝိုင်းမှာ လတ်တလော ဟော့နေသော စစ်မှုမထမ်းမနေရ အကြောင်းများ၊ မအလနှင့် သူ၏နောက်လိုက် လက်ပါးစေ ဗိုလ်ချုပ်တွေ၏ သားသမီးများနှင့် ဆွေမျိုးသားချင်းများကျတော့ ‘စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်’ လက်မှတ်များ ထုတ်ပေးထားပုံများကို ပြောနေကြပါ၏။
“အဲ့ဒါကျတော့ တရားသလား စိမ်းမောင်ရာ”
“အေး . . . အဲ . . . ဟိုဒင်း . . .”
“ကြင်စိုး သာဝ မအလဟာ ခုလို သူ့ရဲ့ နောက်ဆုံးအချိန်အထိ ‘ဥပဒေအပေါ်’ မှာ တက်ထိုင်ချင်တုန်း အဖြစ်ဟာ အရုပ်ဆိုး အကျည်းတန်လွန်းလှပါတယ်ကွာ”
“အဲ . . . . .”
စကားပြောလို့ကောင်းနေဆဲ အဘစိမ်း၏ သားတော်နှစ်ပါးက သင်္ကြန်တေးတပုဒ်ကို အဟုတ် ဆိုချလိုက်ကြပါလေ၏ ခင်ဗျ။
“ဟေ့ ဟေ့ နွေ မ
ဟေ့ ဟေ့ နွေ မ
နွေမရဲ့ ကပုံလေးက
ချစ်စရာကွယ် . . .
ဟေ့ ဟေ့ နွေ မ
ဟေ့ ဟေ့ နွေ မ
တကယ်လှလို့ ရှုမဝနိုင်
ကစမ်းပါ အုံးကွယ် . . .
(နွေမလေးက သင်္ကြန်လိုက
ဒီရေနန်းက သင်္ကြန်လိုဆို) ၂
ပြန်ပါနဲ့ အုံးကွယ်
နွေမမာလာ ပြန်နဲ့ အုံးကွယ် . . .”
အဘစောမူးသာက ပြုံးစိပြုံးစိဖြင့် အဘလုံးတုံးကို မျက်စပစ်ပြ၏။ အဘလုံးတုံးကလည်း ချက်ဆို ဗိုက်မှာကပ်နေသူပဲဗျာ၊ “ဟင်း ဟင်း ဟင်း” ဟု တိုးတိုးရယ်ကာ မေးစေ့ကိုပွတ်ပြီး တခုခုကို စဉ်းစားနေပါလေ၏။ ခဏအတွင်းမှာ “ဟဲ့ကောင်လေးတွေ ငါလည်းဆိုကြည့်ချင်စိတ် ပေါက်လာပြီကွ” ဟုပြောရာ စိမ်းသရဖူစိမ်း ညီနောင်နှစ်ပါးက အားရဝမ်းသာစွာဖြင့် “တွေ့လားအဖေ . . . အဘလုံးတုံးတောင်မှ သင်္ကြန်ဓာတ်တွေ ကူးကုန်ပြီဗျ” ဟုဆိုပြီး မိုက်ကို ကမ်းလိုက်ပါလေ၏။
“ကဲ ကဲ . . . တပုဒ်လောက် ဟဲပါရစေဗျို့”
ဤသို့ ခွင့်တောင်းပြီးသကာလ စာမြှောင်ကပ် တေးတပုဒ်ကို ရုတ်ကနဲ ဟစ်လိုက်ပါ၏တည်း။
“ဟေ့ ဟေ့ နွေ အဘ
ဟေ့ ဟေ့ နွေ အဘ
နွေအဘတပ် ပြေးပုံများက
ချ စ် စ ရာ ကွ ယ် . . .
ဟေ့ ဟေ့ နွေ အဘ
ဟေ့ ဟေ့ နွေ အဘ
အခြေမလှလို့ ငပုက မှိုင်
ကစမ်းပါအုံးကွယ် . . .
(နွေအဘ ဂျပုက ရန်လိုသမျှ
အခြေတပ်များက အလံဖြူ ထောင်) ၂
ခံပါလှည့်အုံးကွ ယ်
နွေအဘ ဘိုကြင် ခံပါအုံးကွယ် . . .”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
အဘစိမ်းမောင်မျက်နှာကြီး ညိုမှောင်လာကာ သူ၏ သားတော်များကို “ဟေ့ကောင်တွေ မင်းတို့ဟာတွေ ရပ်တော့၊ သိမ်းတော့” ဟု မဲပါလေတော့၏။ အရွှင်အဘနှစ်ဦးက ‘ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုစိမ်းမောင်ရယ်” ဟု ပြောပြန်ရာ “ရီး ပျော်ခွင့်ပေးရမှာလားဟ” ဟု ဘုတောပါလေ၏။
“ကလေးတွေကနည်းနည်း မင်းတို့ကများများ”
“ဟားဟား ဟားဟား ဟားဟား”
သို့ဖြင့် အဆိုကိုရပ်ကြကာ လတ်တလော အခြေအနေများကို ပြောဆိုကြပြန်ပါလေ၏။ အဓိကကိစ္စကား ကြင်စိုး သာဝ မအလ၏ နောက်ဆုံးနေ့များနှင့် သူ၏ အခြေခံဒေါက်တိုင် ‘အုပ်ကြီး’ များ အချို့ တမလွန်ခရီး၊ အချို့ ထွက်ေပြးပုန်းရှောင်၊ အတော်များများ နုတ်ထွက်စာတင်ကြသည့် သတင်းများသာ ဖြစ်ပါပေ၏။
“မအလရဲ့ မတရားသဖြင့် စစ်မှုထမ်းဥပဒေကို လက်တွေ့မြေပြင်မှာ အားကြိုးမာန်တက် အကောင်အထည် ဖော်ပေးနေကြတဲ့ ‘အုပ်ကြီး’ တွေေတာ့ ကုန်တော့မယ်ဟ”
“ဟုတ်တယ် မူးသာ . . . ရပ်ကျေးအုပ်ကြီးတွေက မအလရဲ့ တပ်ပြုန်းကြီးအတွက် ‘ကလေးတွေ’ ကို အတင်းအကျပ် ဆင့်ခေါ်ပြီး ရှေ့တန်းပို့ ‘ပွဲထုတ်’ နေကြတာလေကွာ”
“ဟုတ်တယ် လုံးတုံး . . . သတ္တိရှိရင် ဒင်းတို့ရဲ့ တပ်ထောက်ခံသူတွေ၊ ဘောမတွေ၊ မဘသတွေနဲ့ ဒင်းတို့ရဲ့ ကြံ့ဖွံ့ပါတီဝင်တွေကို စစ်သင်တန်းပေးပြီး ‘တော်လှန်ရေးတပ်တွေ’ ကို ရင်ဆိုင်ခိုင်းကြလေကွာ”
“အေးလေ . . . ခုတော့ ပြည်သူလူထုထဲက အမျိုးကောင်းသားတွေ သမီးတွေ ‘ကလေးတွေ’ ကို ‘ပွဲထုတ်’ ပြီး မပြန်လမ်းပို့ဖို့ ယုတ်ယုတ်မာမာ ကြံစည်ဖော်ဆောင်နေကြတာ ရွံစရာကွာ”
စကားဝိုင်းကို အဘစိမ်းမောင်က သိမ်းစေ့ချင်နေပြီဖြစ်ပါ၏။ အဘစောမူးသာကလည်း အလိုက်တသိ “ကဲကဲ . . ငါတို့လည်း ပြန်ကြဖို့သင့်ပြီ” ဟုပြောရာ အဘစိမ်းမောင့်မျက်နှာ ဝင်းပလာပါ၏။ “မပြန်ခင် သင်္ကြန်သီချင်းလေး တပုဒ်လောက်တော့ ဆိုပါရစေကွာ” ဟုဆိုရာ အဘစိမ်းမောင့်သားကြီး လေမောင်က ချက်ချင်းပြေးလာကာ မိုက်ပေးပါ၏။
“ရော့ ရော့ အဘစောမူးသာ . . . ဆို ဆို”
အဘစောမူးသာက “မမ ကိုယ်တိုင်က ရှိရင် အဲဒါဖွင့်ပေးကွာ၊ အဲသည်သံစဉ်အလိုက်ကို ငါကြိုက်တယ်” ဟုပြော၍ အနှီသီချင်းကို ရှာဖွင့်ပေးပါလေ၏။ ထိုအခါ အဘစောမူးသာက သူ၏ဦးနှောက်မှ ယိုဖိတ်လာသည့် စာသားများဖြင့် ဤသို့ ပိုင်ပိုင်နိုင်နိုင်ကြီးကို ဆိုချလိုက်ပါလေတော့သတည်း။
“မြန်ပြည်တခွင်သည်ပွဲ မြူးမြူး ကြွ ကြွ
ဆော်နေသံ ညံမဆဲ နှစ်ကူး အထူးလ
မ အ လ ကြီးမှာ အော်တယ်ဗျ
အညာပွဲမှာ အကုန်လုံးကျ
ရှမ်းမြောက်ခွင်တွေမှာလည်း ကျ
မြန်ပြေတခွင်မှာ ဆော်လိုက်ကြ
လေနဲ့အဘ သေပွဲက ပြောမကုန် ရှုမဝ
ပြေး ပြေး လွှား လွှား လှ လှ ပ ပ
က က ဘ ဘ ကို ယ် တို င် က . . .”
“(သည်နှစ်ထဲမှာ အကုန်ကြုံးကြ
မေ့မရနိုင်ဘူးဗျ . . . ဒီလိုအချိန်မှာ
ပြေးမယ့်အဘ ပုန်းရှောင်တိမ်းလို့မရ)၂”
“(ထူးထူးပပ မြူးမြူးကြွကြွ ဒရုန်းသံလှလှ)၂
ကချင်တိုင်း က . . . ကလေးတွေပွဲမထုတ်ရ
က က . . . ဘ ဘ ကို ယ် တို င် က . . .”
“ဟ ဟ . . . ဘ ဘ မ သာ ချ”