Home
ဆောင်းပါး
ဖြူးမြို့ပေါ်က ကြယ်နီ
DVB
·
March 26, 2024
ArticleThantKayTha_26032024

သုံးနှစ်ပြည့်ပြီ၊ “ဖြူးမြို့” ဆီမှ

ကြယ်နီထွန်းခေါင်၊ “မောင်ရန်အောင်” ကို

နှစ်ထောင်ချီစေ၊ မမေ့ပေကြောင်း

တို့တွေပြောကြားလိုက်ပါသည်။    ။

၂၅၊ ၃၊ ၂၀၂၄ ရက်နေ့မှာ ဆိုရင်ဖြင့် ပဲခူးတိုင်း၊ ဖြူးမြို့လေးက ဆန္ဒပြရင်း ကျဆုံးခဲ့ရတဲ့ စာပြန်သင်ပြနေသူ (ဆရာလေး) ကျောင်းသားလေး မောင်ရန်အောင် ကျဆုံးခဲ့တာ သုံးနှစ် ပြည့်မြောက်ခဲ့ပါပြီ။ နွေဦးတော်လှန်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံခဲ့ကြရတဲ့ ကျောင်းသားလူငယ်လေးတွေကို ပြန်လွှတ်ပေးဖို့ ညနေပိုင်းမှာ ဖြူးမြို့နယ် ရဲစခန်းရှေ့ ဆန္ဒပြ တောင်းဆိုနေတုန်း ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်မှာ သေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။ ဆီးခုံကို ဖောက်ဝင်တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့ရရှာတာ ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဖြူးမြို့ခံပြည်သူတွေ ဝမ်းနည်း ကြေကွဲခဲ့ကြရတဲ့ ကြယ်နီပွင့်ကလေး ‘မောင်ရန်အောင်’ ကျဆုံးခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီ ဖြစ်ပေမဲ့ ကျမတို့ ပြည်သူလူထုတွေဟာ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ပန်းတိုင်ဆီကို အခက်အခဲ အမျိုးမျိုးကြားကနေ ကြံ့ကြံခံ လျှောက်မြဲ၊ လျှောက်ဆဲ၊ လျှောက်နေကြဆဲပါပဲရှင်။

မောင်ရန်အောင်ဟာ အသက် ၂၀ အရွယ် သွက်လက်ချက်ချာတဲ့ လူငယ်လေးတယောက်ပါ။ ကျောင်းသားတဖြစ်လဲ စာပြန်သင် ဆရာလေးဘဝနဲ့ သူ့တပည့်ကလေးတွေကို ဂရုစိုက်တတ်သလို လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ရင်းနှီးချစ်ခင်တတ်သူပါ။ မတရား အာဏာသိမ်းထားခဲ့တဲ့ စစ်တပ်ကို ဆန္ဒပြကြတဲ့ ပွဲကနေ အပြန်မှာ သူဟာ သူ့ရဲ့ဖခင်ကို အခုလို မြန်မာ့သမိုင်းဝင် စကားလေးတခွန်း ပြောကြားခဲ့ဖူးပါတယ်ရှင်။

“အဖေ သား ဆရာမ တွေ့တယ်၊ နောက်နေ့ သား မသွားရင်၊ သားလို မသွားသူတွေများရင် မအောင်မြင်ဘဲ နေမှာပေါ့” လို့ ပြောခဲ့တာလို့ ဆိုပါတယ်။ သူ့ဈာပန နောက်ဆုံးခရီး မြေချတဲ့ နေ့မှာ ဝမ်းနည်းနေတဲ့၊ ထိတ်လန့်နေတဲ့ လူအုပ်ကြီးဟာ ကြီးမားများပြားလိုက်တာ ကြည့်လို့မဆုံးအောင်ပါပဲ။ သူ့အမေဆို ဘယ်လိုများတောင် ခံစားရပါလိမ့်မလဲ။ အခုဆို ဒီလိုပေးဆပ်ခဲ့ရသူတွေ တနိုင်ငံလုံး များလှပြီပေါ့။

AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ မတ်လ ၂၅ မောင်ရန်အောင် ကျဆုံးခဲ့တဲ့ ၃ နှစ်ပြည့်နေ့အထိ “ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ၄,၇၇၁ ဦး ရှိခဲ့ပြီဖြစ်သည်။  အပြင် မတရားအာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်မှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆,၄၃၃ ဦးရှိပြီး ထိုအထဲမှ ၂၀,၂၆၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈,၈၆၈ ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရသည်”လို့ ဖော်ပြထားပါတယ်။

အို ... သွားလေသူအပေါင်းတို့ရေ၊ စိတ်ဖြောင့်ဖြောင့်သာ ထားခဲ့ကြပါလေတော့။ သင်တို့အားလုံးရဲ့ ဆန္ဒတွေ ပြည့်မြောက်ဖို့အတွက် ကျမတို့ အစွမ်းရှိသလောက် ကြိုးစားကြပါမယ်လို့ ကတိသစ္စာ ပြုပါတယ်။

အခုဆိုရင် ကျမတို့ ဖြူးမြို့ကလေးက ကျောင်းသားလေး မောင်ရန်အောင်ဟာ သူတက်ခဲ့တဲ့ တက္ကသိုလ်နယ်မြေကို သူပြန်ရောက်မလာနိုင်တော့သလို သူဝတ်ချင်တဲ့ ဘွဲ့ဝတ်စုံကြီးလည်း သူ မဝတ်နိုင်တော့ပါဘူး။ သူ့သူငယ်ချင်းတွေနဲ့အတူ ကျောင်းတက်ဖို့လည်း သူ ပြန်မရောက်လာနိုင်တော့သလို သူစာသင်ပြပေးနေရတဲ့ တပည့်လေးတွေဆီလည်း စာပြဖို့ သူပြန်မရောက်လာနိုင်တော့ပါဘူး။ မတရား အာဏာမသိမ်းခင်ကဆို တပည့်လေးတွေကို နေမကောင်းရင် ဆေးတိုက်၊ စာကျက်တာစောင့်ပေး၊ နားမလည်တာ ရှင်းပြတတ်တဲ့ ပြုံးချိုချို သူတို့ဆရာလေးကို တပည့်ကျောင်းသားလေးတွေကတော့ အမှတ်ရနေကြမှာပါ။ တချိန်တည်းမှာပဲ သူ့တပည့် ကျောင်းသားလေးတွေကရော ဘယ်မှာလဲ။ သူ့ဆရာ မောင်ရန်အောင်လိုပဲ ကျဆုံးခဲ့ကြရသူတွေ ရှိကြသလား။ တချို့ PDF တပ်တွေမှာ ရောက်နေကြလား။ တိုက်ပွဲတွေထဲမှာလား။ အားလုံး မိဘတွေနဲ့အတူ ရှိနေခွင့် ရကြပါသလား။ ပြည်ပကိုပဲ ထွက်သွားကြကုန်ပြီလား။ မြန်မာပြည်မှာ ဒီလိုအဖြစ်တွေ ဘယ်လောက်တောင် များခဲ့ပြီလဲ။ တို့ မြန်မာပြည်မှာ ဒီလိုအဖြစ်မျိုးတွေ အမြန်ပြီးဆုံးကြပါ‌စေတော့လို့ ကျမ အခါခါ ဆုတောင်းနေမိပါတယ်။

အခုကစ လာမယ့်နေ့များစွာမှာ ဆရာ ဆရာမတွေတိုင်း စာသင်‌ပေးနိုင်ကြပါစေ။ ကျောင်းသူ ကျောင်းသားတိုင်းလည်း အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် စာသင်ယူနိုင်ကြပါစေ။ သားတိုင်း သမီးတိုင်း မိခင်တွေနဲ့ တွေ့နိုင်ကြရသလို အမေတိုင်း သားတွေ သမီးတွေနဲ့ တွေ့နေ မြင်နေကြရပါစေ။ ကလေးတိုင်း ဆော့ပြေးကစားနိုင်ကြသလို။ လူကြီးတိုင်းလည်း တရားစင်စစ်မှာ ငြိမ်းအေးနေထိုင်နိုင်ကြပါစေ။ အဓမ္မများ ကျဆုံးပြီး ဓမ္မတရားသာ ပြန့်ပွား စည်ကား ထွန်းကားပါစေ။ မတရားမှုတွေ လုံးဝကွယ်ပျောက်ပြီး တရားသောသူများသာ ကြီးစိုးနိုင်ကြပါစေ။ လူကို လူလိုမြင်ပြီး လူလိုကျင့်သူများသာ များပြားပါစေ။ အပြစ်မဲ့ ပြည်သူလူထုကို လက်နက်ကြီး လက်နက်ငယ်တွေ အားကိုး၊ တိုက်လေယာဉ်တွေ အားကိုးနဲ့ တမင်တကာ ရက်ရက်စက်စက် ရမ်းသန်းပစ်သတ်တတ်တဲ့ စစ်အာဏာရှင် လောဘသား အဖွဲ့အစည်းတွေ အမြန်ဆုံး ကျဆုံး ပျောက်ကွယ်သွားကြပါစေ။

လက်ရှိမှာ သုံးနှစ် သုံးမိုး ကျော်လာတဲ့အထိ ကြိုးစားနေ ကြိုးစားခဲ့ရတဲ့ ကျမတို့ရဲ့ နွေဦးတော်လှန်ရေးဟာ အောင်မြင်လုနီးပါး အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ သန်ရာ သန်ရာ လွန်ဆွဲကြတဲ့ပွဲများ လွဲနေသူတွေကလည်း လွဲနေကြဆဲပါပဲ။ နောက်လာမယ့် မျိုးဆက်မှာ သန်ရာသာ ကွက်မြင်တတ်တဲ့ အတ္တသမားတွေ နည်းကြပါစေ။ ပြည်သူချစ်မှန်းမသိ၊ ပြည်သူမုန်းမှန်းလည်းမသိ၊ အာဏာမက်မိနေမှန်းလည်း ကိုယ့်ကိုယ်ကိုယ် မသိသူတွေ နည်းပါးပါစေ။ ရန်သူ စစ်အာဏာရှင်ကို ဒူးထောက် လက်မြှောက်မိနေတာ သိရက်နဲ့ ငရဲမလားသကဲ့သို့ လွဲမှားနေသူတွေ နည်းပါးပါစေ။ ကိုယ်ကျိုးအတွက်ဆို ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်တတ်သူတွေ နည်းပါးပါစေ။ အရေခြုံထားတဲ့ လေးစားကြည်ညိုခံ အဦးအဖျား အထူးစားသူတွေ နည်းပါစေ။ ကြည်စင်သန့်ရှင်း မေတ္တာသာ အရင်းခံနိုင်ကြပါစေ။ အောင်မြင်တဲ့တနေ့ ကျမတို့ ပဲခူးတိုင်း ဖြူးမြို့က ကျောင်းသားလေး မောင်ရန်အောင်လို ပေးဆပ်ခဲ့ကြသူ နွေဦးကြယ်နီ အာဇာနည် အထောင်အသောင်းကို တိတ်တိတ်လေး အလေးပြုရင်း နောက်တကြိမ် ဒီလိုမကြုံရစေဖို့ ကျမတို့တတွေ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ကလေးတိုင်းကို မေတ္တာ၊ သစ္စာ၊ ကရုဏာတရားများဖြင့် ကြီးပြင်းစေပြီး မတရားမှုကို ရှက်ရွံ့တတ်အောင် သင်ကြားပေးကြရပါမယ်။ မတရားမှုတွေ ရှက်ရွံ့တတ်လာတဲ့တနေ့ တရားသဖြင့် ကြီးစိုးတဲ့ နေချင်စရာ တိုင်းပြည်တခု ဖြစ်လာပါစေကြောင်း မျှော်လင့်လျက် ရှေ့ဆက်နိုင်ကြပါစေ။ ၂၅၊ ၃၊ ၂၀၂၄ ရက်နေ့မှာ ၃ နှစ်ပြည့်သွားပြီဖြစ်တဲ့ ကျမတို့ရဲ့ ပဲခူးတိုင်း ဖြူးမြို့လေးက ဆန္ဒပြရင်း ကျဆုံးခဲ့ရသူ ကြယ်နီလေး မောင်ရန်အောင်နဲ့တကွ နွေဦးအာဇာနည်အပေါင်း ကောင်းရာသုဂတိ လားရောက်ကြပါစေရှင်။     ။

သန့်ကေသာ (CDM ကျောင်းဆရာမ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024