Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်
DVB
·
March 26, 2024
kawt 2632024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို မတ် ၂၅ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ကာ ၂၃ ဦး လက်နက်ချခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ထံက သိရပါတယ်။

စစ်ကောင်စီတပ် အင်အား ၂၅ ဦးရှိတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက မတ် ၂၄ ရက်‌မှာ ဝိုင်းထားပြီး မတ် ၂၅ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်‌ေကာင်စီတပ်သားနှစ်ဦး သေဆုံးခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

MLA အတွင်းရေးမှူး နိုင်မာဃက “စစ်ကောင်စီဘက်က ၂၃ ဦး လက်နက်ချသွားလို့ ကော့ဘိန်းရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က တယောက်ကျဆုံးပြီး နှစ်ဦး မစိုးရိမ်ရဒဏ်ရာ ရပါတယ်။ ကျနော်ကတော့ စကစရှိတဲ့ နယ်မြေအားလုံးကို ရအောင်သွားပြီး တိုက်ထုတ်သွားမှာပါ။ နိုင်ငံရေး ပြည်တွင်းစစ်လည်း ပြီးချင်ပြီ၊ ပြည်သူတွေနဲ့အတူ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်နိုင်ငံကို သွားချင်နေပါပြီ။ မွန်ပြည်နယ်ကသူတွေ အပါအဝင် နိုင်ငံအတွင်းမှာရှိတဲ့ သူတွေအားလုံး ကူညီပေးကြပါ” လို့ ပြောပါတယ်။

မတ် ၂၅ ရက် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက လေကြောင်းကနေ ၈ ကြိမ်ထက်မနည်း ဗုံးကြဲပြီး တခါဗုံးလာချရင် အများဆုံး ၁၅ လုံးထိချသလို ရေတပ်စစ်သ‌င်္ဘောရှိတဲ့ နေရာကနေလည်း အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကော့ဘိန်း‌နယ်မြေရဲစခန်းသိမ်း တိုက်ပွဲမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတပ်ခွဲ ၃ ပျံလွှားတပ်ခွဲ၊ Lion Battalion စစ်ကြောင်း၊ မွန်ပြည်သစ် AD၊ KNDO တပ်ရင်း ၆ ဒရုန်းတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း လက်အောက်ခံ ဒရုန်းတပ်ဖွဲ့တွေ၊ Saw Dragon ဒရုန်းတပ်ဖွဲ့နဲ့ အယ်ဖာဘက်ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

ကော့ဘိန်းနယ်မြေရဲစခန်း တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

Photo-MLA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013