စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်အစပ်ရှိ ချောင်းရိုးရွာနဲ့ ဖန်းခါးဇင်းရွာကို စစ်ကောင်စီတပ်က မတ် ၂၂ ရက်နဲ့ ၂၃ ရက်မှာ ဝင်ရောက်ပြီး ဒေသခံအရပ်သား ၄ ဦးကို သတ်ဖြတ်ကာ ရွာကိုပါ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါစစ်တပ်ဟာ တန့်ဆည်မြို့ပေါ်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဖြစ်တယ်လို့လည်း သိရပါတယ်။
ဖန်းခါးဇင်းဒေသခံတဦးက “ကျနော်တို့ ရေဦးမြို့နယ်က ဖန်းခါးဇင်းရွာကတော့ အိမ် ၅၄ လုံး မီးရှို့ခံရတယ်ဗျ။ ပြည်သူတဦးကိုတော့ သေနတ်နဲ့ ပစ်သတ်ထားခဲ့တယ်။ အလောင်းကတော့ ၂၄ ရက် မနက်ခင်းပိုင်းမှာ တွေ့ခဲ့ရတယ်”လို့ ပြောပါတယ်။
ပစ်သတ်ခံရလို့ သေဆုံးသွားသူဟာ အသက် ၃၀ အရွယ် ကိုမြတ်မော်ဖြစ်ပြီး ဦးခေါင်းတချက်၊ တင်ပါးနှစ်ချက်၊ ဝမ်းဗိုက်တချက် ဒဏ်ရာနဲ့ သေဆုံးသွားတာလို့လည်း ဆိုပါတယ်။
အခုလိုရွာကိုမီးရှို့ ပြည်သူကိုသတ်ဖြတ်တဲ့ စစ်ကြောင်းဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တန့်ဆည်မြို့နယ် ချောင်းရိုးရွာမှာလည်း စစ်ကောင်စီတပ်က သတ်ဖြတ်သွားလို့ သကေတရွာသား တွေဖြစ်တဲ့ အရပ်သား ကိုမိုးဝင်း၊ ကိုအောင်နိုင်ဦးနဲ့ ကိုဇော်ဦးတို့ သေဆုံးသွားတယ်လို့ ဒေသခံကပြောပါတယ်။
ဒေသခံရွာသားတဦးက “ကိုဇော်ဦးကတော့ စစ်ဘေးရှောင်ရင်း အသတ်ခံရတာပါ။ ကိုမိုးဝင်းကတော့ တိုင်ကိုလက်ပြန်ကြိုးတုပ်ပြီး ဗိုက်ကို ဓားနဲ့ခွဲထားပြီး ခေါင်းကို ဖြတ်သတ်ထားခဲ့တာ။ ကိုအောင်နိုင်ဦးကိုတော့ နောက်ပြန်ကြိုးတုပ်ပြီး လည်ပင်းကို ဓားနဲ့လှီးပြီး သေနတ်နဲ့ နောက်စေ့တေ့ပစ်ပြီး ချောင်းထဲပစ်ချထားခဲ့တယ်။ ရွာကိုတော့ ကားလမ်းဘေးက ဈေးဆိုင်ခန်း ၅ ခန်း ၊ ကြက်ခြံ ၃ ခြံမီးရှို့ သွားတယ်”လို့ ပြောပါတယ်။
ချောင်းရိုးရွာဟာ အိမ်ခြေ ၃၇၀ ကျော်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို စစ်ကောင်စီတပ်ရဲ့ အကြိမ်ကြိမ်မီးရှို့ခံရတာကြောင့် အိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ချောင်းရိုးရွာဒေသခံတွေဟာ ပေါ်တူဂီမျိုးနွယ်စုတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတရွာဖြစ်သလို ခရစ်ယာန်ဘာသာကို ကိုးကွယ်သူတွေ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။