မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှာ မတ် ၂၅ ရက် နေ့လယ်ပိုင်းက ပျူစောထီးအဖွဲ့ဝင် အမျိုးသားတဦးနဲ့ ဘုန်းကြီးတပါး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာလမ်းဆုံမှာ မနေ့ မွန်းလွဲ ၁ နာရီလောက်က ကျောက်ဖြူ တောင်ကျောင်း(ဘောဂဝတီကျောင်း)က ဘုန်းကြီးဥူးစန္ဒိမာနဲ့ ပျူစောထီးအဖွဲ့ဝင် “စင်တော်” လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းတို့ကို ပစ်ခတ်ခဲ့တာလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဘုန်းကြီးက တော်လှန်ရေးအဖွဲ့တွေသတင်းကို စုံစမ်းပြီး စစ်တပ်နဲ့ ရဲတွေကို သတင်းပို့နေတာ။ သေနတ်ကိုင်ပြီး ရမ်းကားနေတာလည်း ကြာပြီ။ တင်ငြိမ်းနဲ့ပေါင်းပြီး ဒလန်လုပ်နေလို့ ကျိုက်ထို ပကဖအဖွဲ့နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။”
အဲဒီပစ်ခတ်မှုကြောင့် ဘုန်းကြီး ဥူးစန္ဒိမာဟာ ဘယ်ဘက်လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဘယ်ဘက်ကျောကုန်း ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားကြောင်းနဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းကတော့ ဆီးခုံဖောက်ဝင်ဒဏ်ရာနဲ့ ညာဘက်ပေါင်မှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ မတ် ၂၄ ရက် မနက်ပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာက စစ်မှုထမ်းကိစ္စဆောင်ရွက်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး တဦးကို တော်လှန်ရေးအဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF )က ထုတ်ပြန်ပါတယ်။
Photo - KRF