စစ်ဘေးသင့် မြန်မာနိုင်ငံကို ထိုင်းနိုင်ငံကပေးပို့တဲ့ လူသားချင်းစာနာထောက်ပံ့ကူညီမှုတွေဟာ စစ်အာဏာရှင်တွေအတွက်သာ အကျိုးဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေး ကျွမ်းကျင်သူက သုံးသပ်ဝေဖန် ပြောဆိုတဲ့အကြောင်း AP သတင်းမှာ ရေးသားဖော်ပြပါတယ်။
စစ်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်လာခဲ့တဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူလူထုကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်ပြီး စစ်ဘေးသင့် မြန်မာနိုင်ငံအတွက် ပထမအသုတ် ကူညီထောက်ပံ့မှုတွေကို ထိုင်းနိုင်ငံက မတ်လ ၂၅ ရက်မှာ စတင်ပေးပို့လိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကရင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေ ပထမဆုံးအသုတ်အဖြစ် မနေ့က ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။
ကူညီထောက်ပံ့ရေးပစ္စည်းတွေ အထုပ်ပေါင်း ၄၀၀၀ လောက်ပါဝင်တဲ့ ကုန်တင်ကားကြီး ၁၀ စီးဟာ သောင်ရင်းမြစ်ပေါ်ဖြတ်ကျော်တည်ဆောက်ထားတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ပေါ်ကနေ မြန်မာယာဉ်မောင်းတွေက မောင်းနှင်သယ်ဆောင်ကာ ကရင်ပြည်နယ်ထဲက ကျေးရွာ သုံးရွာကို ပို့ဆောင်ပေးခဲ့တာပါ။
ကရင်ပြည်နယ်ထဲက နဘူးရွာ၊ သာမညရွာနဲ့ ပိုင်ကျုံရွာ ၃ ရွာမှာရှိတဲ့ စစ်ဘေးရှောင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ စစ်ဘေးဒုက္ခသည် ၂၀၀၀၀ လောက်ကို အကူအညီတွေ မျှဝေပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပထမအသုတ် ပေးပို့လိုက်တဲ့ အကူအညီတွေရဲ့ တန်ဖိုးဟာ ထိုင်းဘတ် ၅ သန်း (အမေရိကန်ဒေါ်လာ ၁၃၈,၀၀၀) ခန့် တန်ဖိုးရှိပြီး အများစုက ဆန်၊ စားစရာ အစာခြောက်တွေ၊ သောက်စရာနဲ့ သန့်ရှင်းရေးဆိုင်ရာပစ္စည်းတွေလို အခြေခံအသုံးအဆောင်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအကူအညီတွေဟာ စစ်အာဏာရှင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ ရှိသူတွေကသာ အကျိုးခံစားခွင့်ရနိုင်မှာဖြစ်ပြီး အဲဒီအကူအညီတွေကို လက်လှမ်းမမီနိုင်တဲ့ ဒေသတွေက အိုးမဲ့အိမ်မဲ့ဖြစ်နေသူတွေကတော့ ရရှိနိုင်မှာ မဟုတ်သလို စစ်တပ်အတွက် ဝါဒဖြန့် စည်းရုံးဖို့ အခွင့်သာစေမှာဖြစ်ကြောင်း ဝေဖန်သူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေကို ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းလိုက်သလို ဒီမိုကရေစီအစိုးရကို အာဏာပြန်လွှဲပေးဖို့ နိုင်ငံအနှံ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေကိုလည်း စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအနှံ့ လက်နက်ကိုင် တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် နိုင်ငံအနှံ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပြီး နိုင်ငံ့စီးပွားရေးလည်း ပြိုလဲကျခဲ့ပါတယ်။
ကုလသမဂ္ဂအေဂျင်စီတွေရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်ဘေးသင့် အိုးမဲ့အိမ်မဲ့ ပြည်သူ ၂ ဒသမ ၈ သန်းကျော်ရှိပြီး အများစုက စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ အရေအတွက်ဟာ ကလေးငယ် ၆ သန်း အပါအဝင် စုစုပေါင်း ၁၈ ဒသမ ၆ သန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အိုးမဲ့အိမ်မဲ့ဖြစ်နေသူ လေးဦးမှာ တဦးနှုန်းဟာ အစာရေစာ ပြတ်လပ်တဲ့ဒဏ်ကို ခံရနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ အရာရှိ ကားလ်စကူက အခုလ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရန်ပုံငွေနဲ့ ထိုင်းကြက်ခြေနီအဖွဲ့က စီစဉ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်ဖြစ်ပြီးထောက်ပံ့ရေးပစ္စည်းတွေကို နယ်စပ်ရေးရာကိစ္စတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့ အစဉ်အလာရှိတဲ့ ထိုင်းစစ်တပ်က ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ခ်ပွန်းကတ်ကေအို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ပစ္စည်းလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ထိုင်း အစိုးအရာရှိတွေနဲ့ မြန်မာစစ်တပ် လက်အောက်ခံ ဝန်ထမ်း၊ အရာရှိတွေပါ တက်ရောက်ခဲ့ကြပါတယ်။
ဒုက္ခသည်တွေထံ ပစ္စည်တွေ ပေးပို့တာတွေကိုလည်း မြန်မာစစ်တပ်ဩဇာခံ မြန်မာကြက်ခြေနီအဖွဲ့ကပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ တွမ်အန်းဒရူးစ်က “ဒီအစီအစဉ်မှာ လူမှုကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းတွေကို စစ်အာဏာရှင်တွေလက်ထဲ ထည့်လိုက်ရတာပဲ။ အဲဒီကမှတဆင့် စစ်အာဏာရှင်တွေ ထိန်းချုပ်ထားတဲ့ မြန်မာကြက်ခြေနီအဖွဲ့ဆီကို အဲဒီပစ္စည်းတွေ ပေးအပ်သွားမှာ ဖြစ်တယ်။ အဲဒီတော့ လူမှုကယ်ဆယ်ရေး ထောက်ပံ့ကူညီမှုတွေ အပါအဝင် ဒီအရင်းအမြစ်တွေကို စစ်အာဏာရှင်တွေက ယူပြီးတော့ သူတို့ရဲ့ အကျိုးအမြတ်အတွက်ကို အသုံးချတော့မယ်ဆိုတာ ကျနော်တို့ သိနေတာပဲ။ အရေးကြီးတဲ့အချက်က အခုလို လူမှုကယ်ဆယ်ရေးအထောက်အပံ့တွေ အရေးတကြီးလို လာရတယ်ဆိုတာကလည်း ဒီစစ်အာဏာရှင်တွေကြောင့်သာ ဖြစ်လာရတာပဲ” လို့ ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။
အမှန်တကယ် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတဲ့ နေရာတွေဟာ စစ်တပ်ရဲ့ အာဏာသက်ရောက်မှုမရှိတဲ့ စစ်တပ် ထိန်းချုပ်မှုမရှိတဲ့ နေရာတွေ ဖြစ်တာကြောင့် အဲဒီနေရာတွေကို အကူအညီပေးနိုင်ရန် အာရုံစိုက်ဖို့လိုကြောင်း တွမ်အန်းဒရူးစ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသအတော်များများဟာ အခုချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက် ဆယ်စုနှစ်နဲ့ချီပြီး တိုက်ခိုက်နေတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်ကို တော်လှန်နေတဲ့ ဒီမိုကရေစီဘက်တော်သားတပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။
အခုပေးပို့လိုက်တဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ဒုက္ခသည်တွေဆီ အညီအမျှ ရောက်ရှိစေရေး အတွက် ပို့ဆောင်ဖြန့်ဝေရေးလုပ်ငန်းကို အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခြင်း ညှိနှိုင်းရေးစင်တာ (AHA Center) က စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရဝန်ထမ်းတွေက ပြောပါတယ်။
အခုပေးပို့လိုက်တဲ့ ပစ္စည်းတွေကို ရွာသုံးရွာကို တရက်တည်းမှာ ခွဲဝေပို့ဆောင်မှာဖြစ်ပြီး မြန်မာဘက်က တာဝန်ရှိသူတွေက ပို့ဆောင်ပြီးတဲ့အခါ အထောက်အထားဓာတ်ပုံတွေ ပြန်လည်ပေးပို့ကြမယ်လို့ ထိုင်း ဒု-နိုင်ငံခြားရေးဝန်ကြီးက ဆီဟဆတ်ခ်က အခမ်းအနားအပြီးမှာ ပြောခဲ့ပါတယ်။
“ဒီအစီအစဉ်က အမှန်တကယ်ကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးအပ်မှုဖြစ်ပြီး နိုင်ငံရေးနဲ့သော်လည်းကောင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့သော်လည်းကောင်း လုံးဝမသက်ဆိုင်ဘူးဆိုတာကို ကျနော် အလေးအနက်ပြောကြားလိုပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကို ဦးစားပေးပြီး စဉ်းစားကြသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒီအစီအစဉ် ချောချောမွေ့မွေ့နဲ့ ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်ခဲ့တယ်ဆိုရင် အိမ်နီးချင်း နိုင်ငံတခုအနေနဲ့ နောက်ထပ် ဘယ်ဒေသတွေကို ဘယ်လို့ ဆက်လက်ကူညီနိုင်မလဲ ဆိုတာ ထိုင်းက တွေးကြည့်နိုင်မှာဖြစ်ပါတယ်။”
ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေး အစီအစဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်တန်း တွေ့ဆုံပွဲမှာ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ထောက်ခံမှုနဲ့ ထိုင်းက စတင်ခဲ့တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သဘောတူချမှတ်ခဲ့ကြတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ပေါ်လာရေးကို အာဆီယံအဖွဲ့က တက်တက် ကြွကြွနဲ့ တိုက်တွန်းနေဖို့လိုကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီဘဟိဒါနုကာရက ပြောခဲ့ပါတယ်။
အဲဒီသဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ အာဆီယံ အထူးသံတမန်ရဲ့ စေ့စပ်ပေးမှုနဲ့ သက်ဆိုင်ရာအဖွဲ့တွေကြား ဆွေးနွေးညှိနှိုင်းမှုတွေ ပေါ်ပေါက်လာရေး၊ အာဆီယံနိုင်ငံတွေကနေတဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ကူညီရေး၊ အာဆီယံအထူးသံတမန်က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ မြန်မာနိုင်ငံသို့သွားရောက်တွေ့ဆုံရေး တို့ပါဝင်ပါတယ်။
မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ အစပိုင်းမှာ အာဆီယံသဘောတူညီချက်ကို သဘောတူညီခဲ့ပေမဲ့ အခုအချိန်အထိလိုက်နာ အကောင်အထည်ဖော်ခြင်း မရှိခဲ့တာကြောင့် အာဆီယံဟာ မြန်မာအရေးမှာ ဘာမှမဆောင်ရွက်နိုင်တဲ့သဘော သက်ရောက်စေခဲ့ပါတယ်။
မြန်မာ့အရေးမှာ အသံတိတ်နေပြီး ဘာလှုပ်ရှားမှုမှ မရှိခဲ့တဲ့ ထိုင်းနိုင်ငံအတွက် ဒီလူမှုကယ်ဆယ်ရေး အထောက်အပံ့တွေပေးပို့တဲ့ အစီအစဉ်ဟာ အစကောင်းတခုဖြစ်တယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ သမာဆတ်တက္ကသိုလ်က အရှေ့တောင်အာရှလေ့လာရေးပါမောက္ခ ဒူလ်ယာပတ်ခ်ပရီခါရပ်ရှ်က ပြောပါတယ်။
“မြန်မာနိုင်ငံကို ထောက်ပံ့ကူညီရေးပစ္စည်းတွေပို့ပေးဖို့ ထိုင်းက အဆင်သင့် ဖြစ်၊ မဖြစ်က ပြဿနာမဟုတ်ဘူး။ မြန်မာနိုင်ငံကို ဒီပစ္စည်းတွေ ရောက်သွားတဲ့အခါမှာ အကြမ်းဖက်မှုတွေ၊ မတူညီတဲ့ အဖွဲ့အစည်းတွေရဲ့ အရှုံးအမြတ်တွက်ချက်တွေကမှ တကယ့်အခက်အခဲတွေ ဖြစ်လာလိမ့်မယ်။”
ဒီထောက်ပံ့ကူညီရေး ပစ္စည်းတွေကို ပွင့်လင်းမြင်သာစွာနဲ့ မျှမျှတတ မျှဝေပေးနိုင်ပြီး ဒီလို ထောက်ပံ့ကူညီရေးပစ္စည်းတွေ ပေးအပ်ခဲ့ခြင်းကနေ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံက မျှော်ထားတယ်လို့ ထိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ခ်က ပြောခဲ့ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။
Source:AP
Photo Credit-MOFA Thailand