Home
နိုင်ငံတကာ
ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရန် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်၊ အမေရိကန် မဲမပေးဘဲ ကြားနေ
DVB
·
March 26, 2024
Members of the United Nations Security Council vote on a Gaza resolution that demands an immediate ceasefire, in New York

ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့အကြား ချက်ချင်းအပစ်ရပ်ဖို့နဲ့ ဓားစာခံအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တရပ်ကို မတ် ၂၅ ရက်မှာ မဲခွဲအတည်ပြုလိုက် ပါတယ်။

တခြားနိုင်ငံတွေက တင်ရင် အမြဲတမ်း ဗီတိုအာဏာနဲ့ ပယ်လေ့ရှိတဲ့ အမေရိကန်က အခုတကြိမ် အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ ၁၀ နိုင်ငံက ပူးတွဲတင်တဲ့ မူကြမ်းကို ဒီတကြိမ်မှာ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

မဲခွဲဆုံးဖြတ်ရာမှာ အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ၁၄ နိုင်ငံက ထောက်ခံပြီး အမေရိကန်က ကြားနေတဲ့အတွက် ဆုံးဖြတ်ချက် အတည်ဖြစ်သွားခဲ့ပါတယ်။ မဲခွဲအပြီးမှာ ကောင်စီခန်းမအတွင်း လက်ခုပ်သံတွေနဲ့ ဆူညံသွားခဲ့ပါတယ်။

အမေရိကန်က ဒီဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးပြီး ပယ်ချဖို့ ပျက်ကွက်ခဲ့တာဟာ အရင် ရပ်တည်ချက်ကို စွန့်လွှတ်လိုက်တာပဲလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဝေဖန်ပါတယ်။

ဒီလိုဆုံးဖြတ်လိုက်တာကြောင့် အစ္စရေးရဲ့ စစ်ရေးအားထုတ်မှုတွေနဲ့ ဓားစာခံ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေအပေါ် ထိခိုက်လာနိုင်တယ်လို့လည်း ဝေဖန်ပါတယ်။

အမေရိကန်ကို အစ္စရေး အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပြီး ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို အစ္စရေးထိုးစစ်ဆင်မယ့်ကိစ္စ ညှိနှိုင်းမယ့် အစီအစဉ်ကိုလည်း ကုလမဲခွဲပွဲအပြီးမှာ နေတန်ယာဟုက ချက်ချင်းပယ်ဖျက်ပစ်ခဲ့ပါတယ်။

“ပါလက်စတိုင်းပြည်သူတွေဟာ အကြီးအကျယ် ဒုက္ခရောက်နေရပါတယ်။ သွေးမြေကျမှုကြီး ဖြစ်ပေါ်နေတာ အရမ်းကြာသွားပါပြီ။ အရမ်းနောက်မကျခင် ဒါကို အဆုံးသတ်ဖို့ ကျနော်တို့ တာဝန်ပါပဲ” လို့ ကုလသမဂ္ဂဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး အမ်မာ ဘန်ဂျာမာက မဲခွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Source/Photo-REUTERS/Andrew Kelly

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013