ကျည်ဆန်တွေနဲ့ တင့်ကားဖျက်မိုင်းတွေ အပါအဝင် ခေတ်မီလက်နက်တွေကို အီရန်ကနေ အနောက်ဘက်ကမ်းဆီ ခိုးသွင်းနေတာကို ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က မတ် ၂၅ ရက်မှာ ပြောပါတယ်။
အစ္စရေးစစ်တပ်က ဖြန့်ချိတဲ့ ရုပ်သံရဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြားအတည်မပြုနိုင်ပါဘူး။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အီရန်တော်လှန်ရေး အစောင့်တပ်တို့ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း လက်နက်တွေကို ဖော်ထုတ်တွေ့ရှိခဲ့တယ်၊ သူတို့ဟာ အနောက်ဘက်ကမ်းမှာ လက်နက်မှောင်ခိုနဲ့ တိုက်ခိုက်တာတွေကို လုပ်ဖို့ သူလျှိုတွေကို စုဆောင်းနေတယ်လို့လည်း အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။
အစ္စရေးရဲ့ ဟစ်ဇ်ဘိုလာတွေကို စစ်ဆင်ရေးအတွင်း လက်ဘနွန်အရှေ့ပိုင်းက ဟစ်ဇ်ဘိုလာ အဖွဲ့ရဲ့ အမာခံနယ်မြေ ဘားဘက်ခ်ကို မတ် ၂၄ ရက် အစောပိုင်းက တိုက်ခိုက်ခဲ့ပုံကို အစ္စရေးစစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြထားပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် လက်နက်တွေ “ထုတ်လုပ်တဲ့နေရာ” ကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေး စစ်တပ်က Telegram မှာ ရေးသားဖော်ပြပါတယ်။
အစ္စရေးစစ်လေယာဉ်တွေဟာ အစောပိုင်းမှာ အစ္စရေးမြောက်ပိုင်းဆီ ဦးတည်ပြီး ဒုံးပစ်လောင်ချာတွေကို ပစ်ခတ်ခဲ့တယ်၊ အစ္စရေးဆီ ပစ်လွှတ်တဲ့ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့လည်း ပြောပါတယ်။
ဘားဘက်ခ်မြို့က နေရာတခုကို ဗုံးကြဲတိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ယိုအတ်ဗ်နဲ့ ခိုင်လာက စစ်တန်းလျားတွေမှာရှိတဲ့ ဒုံးကျည်စခန်းတွေနဲ့ အမြောက်တပ်စခန်းတခုကို ပစ်မှတ်ထားပြီး ခတ်ကျူးရှား ဒုံးကျည် ၆၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာတွေက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
တကယ်လို့ အစ္စရေး ကာကွယ်ရေးတပ်က ဂါဇာစစ်ပွဲကို အချိန်မတိုင်ခင် ရပ်လိုက်ရင် ဟစ်ဇ်ဘိုလာတွေက အစ္စရေးကို နိုင်ငံမြောက်ပိုင်းကနေ ကြီးကြီးမားမား တိုက်ခိုက်ဖို့ ပိုရဲတင်းလာလိမ့်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယာအတ်ဗ် ဂေါလန့်ထ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ် ဆူလီဗန် တို့ကို တနင်္လာနေ့မှာ ပြောပါတယ်။
“ဟားမတ်စ်တွေဖမ်းထားတဲ့ ဓားစာခံတွေအားလုံးနဲ့အတူ အိမ်မပြန်နိုင်ခင် စစ်ပွဲကို ရပ်စရာ လူ့ကျင့်ဝတ် အခြေခံအကြောင်းတရား မရှိဘူး၊ တကယ်လို့ ကျနော်တို့ ဂါဇာမှာ ပြတ်ပြတ်သားသား အောင်ပွဲမခံခဲ့ရင် အစ္စရေးမြောက်ပိုင်းမှာ ပိုကြီးတဲ့စစ်ပွဲက ပိုနီးလာနေပြီ” လို့လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စစ်ပွဲ အဆုံးသတ်ရေး မဲမခွဲခင် တနာရီအလိုက အမေရိကန် သမ္မတအိမ်ဖြူတော်ကို သတင်းစကား ပေးပို့ခဲ့ပါတယ်။
Source/Photo-Reuters