Home
မြန်မာသတင်း
စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ်းထောင့်ကြီးတိုက်နယ်ဆေးရုံ ပျက်စီး
DVB
·
March 25, 2024
KanGyiDauntHopsitalAirStrikeSAC_25032024

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကမ်းထောင့်ကြီးတိုက်နယ်ကို မတ် ၂၄ ရက် မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကမ်းထောင့်ကြီး တိုက်နယ်ဆေးရုံ ပျက်စီးသွားပြီး  ဆေးရုံဝန်ထမ်း အမျိုးသမီးတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့မနက်ပိုင်းမှာ ဂျက်တိုက်လေယာဉ်ကနေ ကမ်းထောင့်ကြီးတိုက်နယ်ကို ဗုံး ၄ လုံး ကြဲချခဲ့တာမှာ ဗုံး ၂ လုံးက ကမ်းထောင့်ကြီးတိုက်နယ်ဆေးရုံကို ထိမှန်ခဲ့ပြီး ဆေးရုံဝန်ထမ်း အမျိုးသမီးတဦး အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးရုံက အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းထောင့်ကြီးဒေသခံတဦးက “လူတွေ အိပ်နေတဲ့အချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ၊ ဝုန်းခနဲဆိုပြီး ကြားလိုက်ရတယ်။ ဆေးရုံဘက်ကို ဗုံးကျတဲ့ အသံက အတော်ကြောက်စရာကောင်းတော့ မှောင်ထဲစမ်းထဲမှာ အော်တဲ့အသံတွေ ငိုတဲ့အသံတွေနဲ့ ပွက်လောရိုက်ကုန်တယ်။ ဒီတိုက်နယ်မှာရှိတဲ့ လူအကုန်လုံးက အကုန်လုံး အတော်ကြောက်နေကြရတယ်” လို့ ပြောပါတယ်။

ဒဏ်ရာအပြင်းအထန်ရရှိတဲ့ အမျိုးသမီးကို လက်ရှိအချိန်မှာ နီးစပ်ရာ အရေးပေါ်ဆေးခန်းတခုမှာ ကုသထားရပါတယ်။

လေယာဉ်ပေါ်ကနေ ကြဲချလိုက်တဲ့ တခြားဗုံး ၁ လုံးဟာ ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံမှာ ကျရောက်ပေါက်ကွဲသွားပြီး  ဓမ္မာရုံပါ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်‌တော်(AA) သိမ်းပိုက်ထားတဲ့ ‌မြေပုံမြို့ကို စစ်ကောင်စီတပ်က  မတ် ၂၂ ရက်ကနေ မတ် ၂၄ ရက်အထိ သုံးရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညောင်ကံကျေးရွာ၊ သရက်တောင်ကျေးရွာနဲ့ ကမ်းထောင်ကြီးတိုက်နယ်တွေမှာ အရပ်သား နှစ်ဦး သေဆုံးခဲ့သလို နေအိမ်၊ စာသင်ကျောင်းနဲ့ ဘာသာ‌ရေးအ‌ဆောက်အအုံတွေ အများအပြား ပျက်စီးသွားပါတယ်။

ဒေသခံတဦးက “မြေပုံကို လေယာဉ်နဲ့ ဗုံးလာကြဲတာက သုံးရက်ရှိပြီ။ အနီးအနားမှာ တိုက်ပွဲတွေလည်း မရှိဘူး။ အရပ်သားပြည်သူတွေပဲ နေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လာပစ်တာပဲ။ ညောင်ကံမှာဆို ဘာတခုမှမကျန်ခဲ့ဘူး။ ပြည်သူတွေအကုန်လုံးလည်း ကြောက်လို့ တောထဲ တောင်ထဲ ထွက်ပြေးနေရပြီ။ အမ်းဘက်ကနေလည်း အနီးအနားက ရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်နေတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်တဲ့နေရာတွေလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကိုပါ စစ်ရေးပစ်မှတ်အဖြစ်နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့အပြင် အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေ၊ မြို့တွေကို လက်လွှတ်ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် တပြည်နယ်လုံးကို လက်လွှတ်ဆုံးရှုံးရမယ့် အရေးနဲ့ ကြုံတွေ့နေတာကြောင့် ရခိုင်ပြည်သူတွေ အပါအဝင် အရပ်ဖက် ပစ်မှတ်တွေအပေါ်ကို တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

မတ် ၂၀ ရက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်က သာဒါကျေးရွာမှာ မွတ်စလင် ၂၂ ဦး အစုလိုက် အပြုံလိုက် သေဆုံးကာ ၂၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၂၁ ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာမှာ ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ကိုးဦးလောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ပေါက်တော၊ စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ အရပ်သားပြည်သူ သေဆုံးမှု၊ ဒဏ်ရာရရှိမှုအရေအတွက် တိုးလာနေပြီး ရခိုင်ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးဟာ ဆိုးရွားတဲ့ အခြေအနေမှာ ရောက်ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024