ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်နဲ့ နိုင်ငံအနောက်ပိုင်းက လဗိဖ်မြို့တဝိုက်ကို မတ် ၂၄ ရက်နေ့မှာ ရုရှားက ဒုံးကျည်နဲ့ လူမဲ့လေယာဉ် ၅၇ စင်းသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
လဗိဖ်မြို့နဲ့နီးတဲ့ ပိုလန်နိုင်ငံထဲက ရုရှားပဲ့ထိန်းဒုံးကျည်တစ်စင်း ဝင်ရောက်လာလို့ စစ်လေယာဉ် အရေးပေါ်ပျံတက်ပြီး စောင့်ကြည့်ခဲ့ရတယ်လို့ ပိုလန်စစ်တပ်က ထုတ်ပြန်ပါတယ်။
ရုရှားက ပစ်လိုက်တဲ့ ဒုံးကျည် ၂၉ စင်းမှာ ၁၈ စင်းကို ပစ်ချနိုင်ခဲ့သလို လူမဲ့လေယာဉ် ၂၈ စင်းမှာလည်း ၂၅ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။
မတ်လ ၂၄ ရက်နေ့ မိုးမလင်းမီမှာ ကိယက်ဗ်မြို့အနှံ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတာဟာ ဒုံးကျည်တွေကို ဖျက်ဆီးကာကွယ်နိုင်ခဲ့လို့ ဖြစ်တယ်လို့ ကိယက်ဗ်မြို့ စစ်အုပ်ချုပ်ရေးအကြီးအကဲ ဆာဟီးပေါ့ပ်ကိုက တယ်လီဂရမ်မှာ ရေးထားပါတယ်။
ကိယက်ဗ်ဒေသခံတွေဟာ မြေအောက်ဘူတာရုံလို နေရာတွေမှာ သွားရောက်ခိုလှုံခဲ့ရပါတယ်။ မြို့ပေါ်ကို တိုက်ခိုက်တာမရှိပေမဲ့ လဗိဖ်ဒေသတလွှားက အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ဒုံးကျည်အစင်း ၂၀၊ လူမဲ့လေယာဉ် ၇ စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ လဗိဖ် မြို့တော်ဝန် အန်ဒရေ ဆာဒေါ့ဗ်ယီက ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ရွေးကောက်ပွဲကာလအတွင်း ယူကရိန်းက နှောင့်ယှက်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရုရှားက အခုရက်ပိုင်း ယူကရိန်းကို အကြီးအကျယ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Source/Photo-REUTERS/Gleb Garanich