ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တဲ့ ဆီနီဂေါနိုင်ငံမှာ ပဉ္စမမြောက်သမ္မတကို ရွေးချယ်မယ့် သမ္မတရွေးကောက်ပွဲကို မတ်လ ၂၄ ရက်နေ့မှာ ကျင်းပနေပါတယ်။
သမ္မတ မက်ကီဆောလ် ဟာ သက်တမ်းနှစ်ကြိမ်ပြည့်လို့ ဆင်းပေးရမယ့်အစား ဖေဖော်ဝါရီလထဲ ကျင်းပရမယ့် ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာအထိ ရွှေ့ဆိုင်းဖို့လုပ်ခဲ့တဲ့အပြင် အတိုက်အခံတွေကို ထောင်ထဲထည့်တာ၊ အဓိက အတိုက်အခံပါတီကို ဖျက်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။
အဲဒါကြောင့် လူထုဆန္ဒပြပွဲတွေနဲ့ မငြိမ်သက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ရွေးကောက်ပွဲရွှေ့တာ တရားမဝင်ဘူးလို့ အခြေခံဥပဒေကောင်စီက ဆုံးဖြတ်ပေးတဲ့အတွက် မတ် ၂၄ ရက်မှာ သမ္မတရွေးကောက်ပွဲ ကျင်းပပေးခဲ့ရတာ ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ရပါတယ်။
လက်ရှိ သမ္မတရွေးကောက်ပွဲမှာ ဆဲလ်နေရာ အစားဝင်ဖို့ ဝင်ပြိုင်တဲ့သမ္မတလောင်းက ၁၉ ဦး ရှိပါတယ်။ လက်ရှိ အာဏာရညွန့်ပေါင်းကတော့ ဝန်ကြီးချုပ်ဟောင်း အမာဒူဘား ကို သမ္မတလောင်းအဖြစ် ရွေးထားပါတယ်။
မဲပေးဖို့ မှတ်ပုံတင်ထားတဲ့သူ ၇ ဒသမ ၃ သန်းရှိပြီး ဘယ်သူမှ မဲထက်ဝက်ကျော်မရရင် အများဆုံးရတဲ့ နှစ်ယောက် ဒုတိယအကျော့ ထပ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ခွင့် အပိတ်ခံထားရတဲ့ အဓိက အတိုက်အခံခေါင်းဆောင် အိုစ်မာနီ ဆွန်ကိုဟာ သူ့အစား အခွန်စစ်ဆေးရေး အရာရှိဟောင်း ဘာဆီရူ ဒိုင်အိုမာယီ ဖေယီကို မဲပေးဖို့ မဲဆွယ်ပေးနေပါတယ်။
တခြား နာမည်ကြီးနိုင်ငံရေးသမားတွေနဲ့ အတိုက်အခံတွေကလည်း ဖေယီဘက်က ထောက်ခံပေးထားပါတယ်။ ဘားနဲ့ ဖေယီ တို့နှစ်ဦးအပြင် ဒါကာမြို့တော်ဝန်ဟောင်း ခါလီဖာ ဆောလ်၊ အမျိုးသမီး စွန့်ဦးလုပ်ငန်းရှင် အီဒရစ်ဆာဆက်ခ်တို့အပေါ်မှာလည်း ထောက်ခံမှု အားကောင်းမယ်လို့ မှန်းထားကြပါတယ်။
တရားဝင်စစ်တမ်းကောက်ယူမှုတွေ မရှိတဲ့အတွက် ဘယ်သူ ဘယ်လောက်သာတယ်ဆိုတာ အတိအကျ မပြောနိုင် ဖြစ်နေပါတယ်။
Source/Photo-Reuters