သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး မိုင်းခွဲခံရတဲ့ မီးရထားပေါင်းကူးတံတား ပြန်ပြင်ဆင်လို့ ပြီးပေမဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ရန်ကုန်-မော်လမြိုင် မီးရထားပြေးဆွဲတာကို ယာယီရပ်ဆိုင်းသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက မတ် ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
သထုံမြို့နယ်၊ သိမ်ဆိပ်နဲ့ ဒုံဝန်းဘူတာကြား ပေါင်းကူးတံတားမှာ မတ် ၁၈ ရက်က ကျောက်တင်ရထား မိုင်းထိပြီး ရထားလမ်း ပေ ၂၀ နဲ့ အောက်ခံဘောင်တို့ ပျက်စီးခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။
မိုင်းခွဲခံရတဲ့ ပေါင်းကူးတံတားကို မတ် ၂၃ ရက်မှာ ပြင်လည်ပြင်ဆင်ပြီး ရထားထွက်ဖို့ စီစဉ်ပေမယ့် ဘီးလင်းနဲ့ ကျိုက္ကော်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရထားစီးသူတွေရဲ့ လုံခြုံရေးအတွက် ရထားခရီးစဉ်တွေကို ယာယီရပ်နားသွားတော့မှာဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးက ဝန်ထမ်းတဦးက ပြောပါတယ်။
“ရထားထွက်ဖို့ အကုန်ပြင်ဆင်ပြီး လက်မှတ်တောင် ရောင်းပြီးသွားမှ မနေ့က တိုက်ပွဲဖြစ်သွားလို့ ခရီးသွားတွေရဲ့ လုံခြုံရေးအခြေအနေအရ ရပ်လိုက်ရတာပါ။ အခြေအနေတွေက မငြိမ်သက်သေးတော့ ရထား ဘယ်နေ့ထွက်မလဲဆိုတာ မပြောနိုင်သေးပါဘူး။ ခရီးသွားတွေအတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေရှိရင်တော့ ရထားထွက်မယ့်နေ့ကို မော်လမြိုင်ဘူတာကြီးက ကြေညာပေးသွားမှာပါ” လို့ ပြောပါတယ်။
ရထားမထွက်ဖြစ်တော့တာကြောင့် ကြိုတင်ရထားလက်မှတ် ဝယ်ယူထားသူတွေကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံမှာ မနက် ၆ နာရီကနေ ၁၀ နာရီအတွင်း လက်မှတ်ခငွေ ပြန်အမ်းပေးသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ခဲ့ပါတယ်။
ဘီလင်းမြို့နဲ့ ကျိက္ကော်မြို့ကြား ရန်ကုန်-မော်လမြိုင် လမ်းမကြီးပေါ်မှာ မတ် ၂၃ ရက် မနက် ၉ နာရီက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကားရာနဲ့ချီပြီး ၁ နာရီကျော်ကြာ ကားလမ်းပိတ်ဆို့ခဲ့ပါတယ်။