ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ မတ် ၂၃ ရက်နေ့လယ်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲဖြေပြီးလို့ နေရပ်ပြန်တဲ့ ကျောင်းသား ကျောင်းသူ ၈ ယောက် အပါအဝင် ပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်က မီးလောင်ကွင်းအောက်ဘက် မြစ်ကမ်းနားမှာ မတ် ၂၃ ရက် မနက် ၁၁ နာရီဝန်းကျင်လောက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မြစ်ကမ်းအနီးနေသူတယောက်က ပြောပါတယ်။
“သူတို့တွေက မီးလောင်ကွင်းအောက်ဘက် မြစ်ကမ်းကနေ စက်လှေနှစ်စီးနဲ့ ကျောက်ဖြူ မရဇိုင်း တိုက်နယ်ဘက်ကိုပြန်ဖို့ စက်လှေပေါ်တက်နေတုန်း ကင်းလှည့်နေတဲ့ စစ်တပ်နဲ့ရဲတွေက ဖမ်းခေါ်သွားတာ။ နေ့လယ် ၁၁ နာရီလောက်ရှိတယ်။ စစ်တပ်နဲ့ရဲတွေ အယောက် ၃၀ လောက်ရှိတယ်။ ဘာဖြစ်လို့ဖမ်းသွားလဲဆိုတာတော့ မသိပါဘူး” လို့ သူက ပြောပါတယ်။
Grade-12 ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်က မောင်မင်းထက်နိုင်၊ မနှင်းအိနွယ်၊ မယုဝါလှိုင်၊ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ ရွှေညိုမရွာက မောင်မျိုးမြင့်ဆွေ၊ မောင်ဇော်မျိုးနိုင်၊ မမိုးသက်နွယ်၊ ချောင်းကြီးဖျားရွာက မသူဇာရည်၊ မခင်စုလှိုင်နဲ့ ရွှေညိုမရွာဘက်ကနေ ကညင်တောရပ်ကွက်ကို စစ်ဘေးရှောင်လာတဲ့ ဦးခင်ကျော်သန်း၊ ဒေါ်မရွှေဝါနဲ့ ဒေါ်သန်းမေ တို့ ၁၁ ယောက်ကို ကျောက်ဖြူမြို့မရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မတ် ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ စစ်ဆေးခဲ့တဲ့ တကက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရခိုင်ပြည် မြောက်ဘက်ပိုင်းမှာ စစ်တွေမြို့ တမြို့မှာပဲ စစ်ဆေးနိုင်ခဲ့ပြီး တောင်ဘက်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့ တို့မှာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကလည်း ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာက ဟင်းရှာသွားတဲ့ ဒေသခံအမျိုးသားလေးယောက်ကို စစ်ကောင်စီတပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး အသက် ၄၇ နှစ်အရွယ်အမျိုးသားတဦးကိုတော့ အဲဒီ ညနေ ၄ နာရီမှာ လမ်းတဝက်ကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။