Home
မြန်မာသတင်း
စစ်ကောင်စီပြုတ်ကျရေး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဆက်အကောင်အထည်ဖော်မည်ဟု ဒေါက်တာမီမီဝင်းဘတ် သုံးသပ် 
DVB
·
March 24, 2024
Dr MieMieWingburg Discsuss 1_24032024
Dr MieMieWingburg Discsuss 2_24032024
Dr MieMieWingburg Discsuss 3_24032024
Dr MieMieWingburg Discsuss 4_24032024
Dr MieMieWingburg Discsuss 5_24032024

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးမှာပါဝင်လာမှုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တုံ့ပြန်စီမံနိုင်ပြီး စစ်ကောင်စီပြုတ်ကျရေး ရည်မှန်းချက်ကို ဆက်အကောင်အထည်ဖော်လိမ့်မယ်လို့ ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။ 

ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၊ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်နဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့နဲ့အနီးဝန်းကျင်က မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတိုင်ပင်ပွဲကို ဒေသစံတော်ချိန် မတ် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက နယူးယောက်မြို့  ပီတိ လူကြီးများနားခိုရာဂေဟာခန်းမမှာ ပြုလုပ်ခဲ့တာပါ။ 

ဆွေးနွေးပွဲမှာ လက်ရှိ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ လူငယ်တွေရဲ့ မေးခွန်းတွေကို ဒေါက်တာမီမီဝင်းဘတ်က ရှင်းလင်းဖြေဆိုခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းအမိန့်နဲ့ နောက်ဆက်တွဲအခြေအနေ အလားအလာ၊ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးချိန်ခွင်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်လာမှု၊ ပြည်တွင်းက စစ်ဘေးသင့် ပြည်သူတွေဆီကို နိုင်ငံတကာအကူအညီတွေ ရောက်နိုင်ဖို့ နည်းလမ်းတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

စစ်ရေးကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်က “တရုတ်ကတော့ မြန်မာနိုင်ငံအတွက် သူတို့ရဲ့ အကျိုးစီးပွား မျှော်မှန်းချက်ပေါ့နော်။ အရေးကြီးဆုံးနိုင်ငံတခု ဆိုတော့ သူတို့တွေတော့ အမြဲတမ်း ပါဝင်နေမှာပဲ။ ဒါပေမဲ့ အခုချိန်မှာ တိုင်းရင်းသားတွေက တရုတ်ကိုတော့ နည်းနည်း အလေးထားပေးရတာပေါ့နော်။ တရုတ်က ဖိအားပေးလာလို့ရှိရင် သူတို့ ထိန်းရတာပေါ့နော်။ ဒါပေမဲ့ တိုင်းရင်းသားတွေက သူတို့ရဲ့ရည်မှန်းချက် ရှိတယ်။ သူတို့ရဲ့ရည်မှန်းချက်က စစ်တပ် ပျောက်ဖို့အတွက်ပဲ။ ဆိုတော့ တိုက်ပွဲ ရပ်သွားပေမဲ့လို့ မရရတဲ့နည်းနဲ့ သူတို့လုပ်မယ်လို့၊ ကူညီမယ်လို့ ထင်ပါတယ်။ တရုတ်က သူတို့အကျိုးစီးပွားမျှော်မှန်းချက် ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေနဲ့ ပြည်သူပြည်သားတွေလည်း သူတို့မှာ သူတို့အကျိုးစီးပွား မျှော်မှန်းချက် ရှိတယ်။ အဲဒီမျှော်မှန်းချက်အတွက် တရုတ်ကို ဘယ်လို ပြန်စီမံရမလဲဆိုတာ သူတို့က လုပ်နေတာ၊ လုပ်နေမှာပဲ။ ညီနောင်သုံးဖော် AA မှာ တိုက်နေတယ်။ အဲဒီ တိုက်နေတဲ့အခါမှာ TNLA၊ ကိုးကန့်တို့က မကူညီဘူးလို့ ပြောလို့မရဘူး။ သူတို့ နားလည်ပါတယ်၊ မျှော်မှန်းချက် ရှိပါတယ်၊ တရုတ်ကို ပြန်စီမံပြီးတော့ နောက်ဆုံး ရည်မှန်းချက်ကတော့ စစ်တပ် ပျောက်ဖို့အတွက်ပဲ” လို့ ပြောပါတယ်။

ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်မတော် ဒုတိယဗိုလ်မှူးကြီးတာဝန်ကနေ အငြိမ်းစားယူထားသူ ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ စိတ်ဓာတ်နဲ့ ဗျူဟာရေးရာတွေကို အကြံပေးနေသူ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်း အမိန့်ကြေညာချက်ဟာ စစ်ခေါင်းဆောင်တွေအတွက် ပိုဆိုးတဲ့ အခြေအနေတွေကိုပဲ ကြုံလာရဖို့ရှိတယ်လို့ သူက သုံးသပ်ပါတယ်။ 

နိုင်ငံတကာ အကူအညီတွေရဖို့အတွက်ကတော့ ပြည်သူအားလုံးက နည်းလမ်းမှန်မှန်နဲ့ တက်တက်ကြွကြွ ပူးပေါင်းတိုက်တွန်းတောင်းဆိုနေဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်ရေးကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်က “ဘယ်ဥစ္စာမှန်တယ်၊ မမှန်တယ်ဆိုတာ သူတို့ မသိဘူး။ အဲဒါကြောင့်မို့လို့ သူတို့ ပြောတယ်။ သတင်းစကားပေးတဲ့အခါမှာ တံဆိပ်ကပ်တဲ့အခါမှာ အချင်းချင်းပဋိပက္ခလို့ ပြောလို့ရတယ်၊ ပြည်တွင်းစစ်လို့ မသုံးနဲ့။ အဲဒီလို သုံးလေလေ ဘယ်သူမှလာပြီးတော့ မကူညီချင်လေလေ။ သူတို့က ရန်ပွဲကြားထဲမှာ လက်ဝင်မလျှိုချင်ဘူး။ ဆိုတော့ အဲဒါအရမ်းအရေးကြီးတယ်။ ဆိုတော့ လူတိုင်း ပြည်တွင်းစစ်လို့ ပြောတဲ့အခါ ပြန်ပြီးတော့ အမှန်ကို ပြင်ကြပါ။ ဒါ ပြည်တွင်းစစ် မဟုတ်ဘူး။ အချင်းချင်း ပဋိပက္ခသာ ဖြစ်တယ်။”

နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာပြည်သူ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ပြီး စစ်ရေးအရ ဖြစ်နိုင်ခြေအလားအလာနဲ့ လိုအပ်တဲ့ထောက်ကူမှုတွေကို ပံ့ပိုးနိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ 

စစ်ကောင်စီကို ဖိအားပိုပေးနိုင်ဖို့ စိတ်ဓာတ်နဲ့ ဉာဏ်ပညာအရ အသာစီးယူနိုင်မယ့် နည်းလမ်းတွေကို ဒေါက်တာမီမီဝင်းဘတ်က ဆွေးနွေးရှင်းလင်းခဲ့တာကို တွေ့ရပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013