Home
မြန်မာသတင်း
EPS-TOPIK စာမေးပွဲ မှတ်ပုံတင်ကြေး ပေးသွင်းရန် ညအိပ်တန်းစီစောင့်ဆိုင်းခွင့်မပေးတော့
DVB
·
March 24, 2024
EPS exam Waiting_24032024

တောင်ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ဖြေဆိုခွင့် မှတ်ပုံတင်ကြေးပေးသွင်းဖို့အတွက် ပင်လုံခန်းမရှေ့မှာ ညအိပ်တန်းစီစောင့်ဆိုင်းခွင့်မပေးတော့ဘဲ ရဲတပ်ဖွဲ့က ခြောက်လှန့်ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

အဲဒီစာမေးပွဲမှတ်ပုံတင်ကြေး ပေးသွင်းဖို့အတွက် အစောပိုင်းရက်တွေမှာ အလုပ်သမားတွေအနေနဲ့ ညအစောပိုင်းကတည်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမရှေ့မှာ တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။

အဲဒီလို စောင့်ဆိုင်းသူတွေကို မတ် ၂၂ ရက်ညမှာ ရဲတပ်ဖွဲ့က ခြောက်လှန့်ဖမ်းဆီးကာ လူစုခွဲခဲ့ပြီး စောင့်ဆိုင်းခွင့်မပေးတော့ဘူးလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ကိုယ်တိုင်သွားရောက်စောင့်ဆိုင်းခဲ့သူတဦးက “ညက ရဲလိုက်ဖမ်းလို့ အဆောင်ကို မနည်းပြန်ပြေးလာခဲ့ရတယ်။ တချို့ အဖမ်းခံထိပြီး ပြန်လွှတ်ပေးတယ်။ လူထပ်စုမှာစိုးလို့ ရဲကားက ပင်လုံခန်းမရှေ့မှာ တညလုံးပတ်နေတယ်။ မနက်လေးနာရီမှ ပြန်တန်းစီခွင့်ပေးတယ်” လို့ ပြောပါတယ်။

အရင်ညတွေကလည်း အဲဒီလို ညအိပ်တန်းစီသူတွေကို ရဲတပ်ဖွဲ့က လာရောက်စောင့်ကြည့် ပြန်ခိုင်းတာတွေရှိတယ်လို့ ဆိုပါတယ်။

EPS-TOPIK စာမေးပွဲအတွက် မှတ်ပုံတင်ကြေးသွင်းတာကို မတ် ၁၉ ရက်ကနေ ဧပြီ ၅ ရက်အထိ လက်ခံသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ကြေညာထားပါတယ်။

အဲဒီစာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်ထားသူဦးရေဟာ ၇၅,၀၀၀ နီးပါးရှိပြီး တရက်ကို လူထောင်ချီ မှတ်ပုံတင်ကြေးပေးသွင်းနေကြတာပါ။

တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မယ့်သူတွေဟာ EPS-TOPIK စာမေးပွဲ အောင်ထားဖို့ လိုတာကြောင့် ဝင်ရောက်ဖြေဆိုသူတွေ များနေတာဖြစ်ပြီး ဒီနှစ်မှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးတွေကို ပထမဆုံး ဝင်ရောက်ဖြေဆိုခွင့် ပေးလိုက်တာကြောင့် စိတ်ဝင်စားမှု ပိုမြင့်တက်သွားတာလို့ အဲဒီလုပ်သားအသိုက်အဝန်းက ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013