ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာကို မတ် ၂၃ ရက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ထပ်မံလာရောက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂျက်လေယာဥ်ကနေ ကျေးရွာတွင်းနဲ့ ရွာပြင်တွေကို နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးရှစ်လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
လေကြောင်းကနေ နှစ်ကြိမ်တိတိ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ပုစွန်မွေးမြူရေးကန်မှာ အလုပ်လုပ်ကိုင်နေသူ အမျိုးသားတယောက် သေဆုံးသွားပြီးတော့ ကျေးရွာက အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ သရက်တောင်ကျေးရွာသားတယောက်က ပြောပါတယ်။
“ဒီနေ့ (မတ် ၂၃) မနက် ၁၁ နာရီလောက်မှာ တကြိမ်၊ နေ့လယ် နှစ်နာရီလောက်မှာ တကြိမ် ဂျက်တိုက်လေယာဥ်နဲ့ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်တယ်။ အဲဒီလို လာရောက်တိုက်ခိုက်တာကြောင့် အမျိုးသားတယောက်က နေရာမှာတင် ဗုံးစထိပြီးတော့ သေသွားတယ်။ နောက်ထပ် အမျိုးသမီး နှစ်ယောက်လည်း ထိခိုက်သွားတယ်။”
စစ်ကောင်စီက လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက ဆေးခန်းနဲ့ နေအိမ် ဆယ်လုံးထက်မနည်းမှာလည်း မီးလောင်ပြီး ထိခိုက်ပျက်စီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၂ ရက်ကလည်း မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကို ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေအပါဝင် ကျေးရွာသား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ်အများအပြားလည်း မီးလောင် ပျက်စီးသွားခဲ့ပါတယ်။
တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ အရပ်သားတွေကို လာရောက်ဗုံးကြဲတိုက်ခိုက်နေတာက စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်သလို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးလည်း ဖြစ်တယ်လို့ လူအခွင့်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ နေရာတွေက အရပ်သားတွေကို လာရောက်ပြီး တိုက်ခိုက်နေတာ တနေ့တခြား တိုးလာနေတာကို တွေ့ရတယ်။ ဒီလို အရပ်သားတွေအပေါ်မှာ ပြစ်မှုတွေ ကျူးလွန်နေတာက စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်သလို သူရဲဘောကြောင်တဲ့ လုပ်ရပ်ကို ကျူးလွန်နေတာလည်း ဖြစ်တယ်။"
ရခိုင်ပြည်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားတွေ နေထိုင်တဲ့ မြို့တွေ၊ ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ဦးတည်တိုက်ခိုက်လာတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေဟာလည်း နေ့စဉ်ရက်ဆက် တိုးလာနေပါတယ်။
မတ်လအတွင်းမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသွားသူလည်း ၅၀ ကျော်အထိ ရှိလာနေပါတယ်။