Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ခရီးဝေးသွားမည့်သူများ ရပ်ကွက်ထောက်ခံစာပါမှ ကားလက်မှတ်ရောင်းပေး
DVB
·
March 24, 2024
MonHighWayExpress_24032024

မွန်ပြည်နယ်က ကားဂိတ်တွေမှာ ခရီးဝေးသွားမယ့်သူတွေကို မတ် ၂၀ ကစပြီး သက်ဆိုင်ရာ ရပ်ကွက် ထောက်ခံစာပြနိုင်မှ ကားလက်မှတ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ကားဂိတ်တွေဆီက သိရပါတယ်။

မွန်ပြည်နယ်က အဝေးပြေးကားဂိတ်တွေကို မတ် ၂၀ ရက်နေ့ကစပြီး ရပ်ကွက်ထောက်ခံစာပါမှ ရောင်းချပေးဖို့နဲ့ ခရီးသွားမှတ်တမ်းဖြည့်ခိုင်းဖို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးက ညွှန်ကြားထားတယ်လို့ မော်လမြိုင် မြေနီကုန်းကားဝင်းက ကားလက်မှတ်ရောင်း ဝန်ထမ်းတယောက်က ပြောပါတယ်။

“အဝေးကားဂိတ်တွေတွေကိုပဲ လာညွှန်ကြားသွားတာပါ။ ပြည်နယ်တွင်း ပြေးဆွဲနေတဲ့ ကားတွေ မပါဘူး။ ရန်ကုန်လောက်ထိပဲဆို မှတ်ပုံတင်နဲ့ပဲသွားလို့ရပါတယ်။ ဒါပေမဲ့ ခရီးသွားမှတ်တမ်းတော့ ဖြည့်ရတယ်။ အဓိက ကတော့ ခရီးဝေးသွားမယ့်သူတွေပေါ့။ ဥပ‌မာ မန္တလေး၊ ပြည်၊ ပုသိမ်တို့။ နောက်ပြီး ထားဝယ် တို့ဆိုရင်တော့ ရပ်ကွက်ထောက်ခံစာ မဖြစ်မနေ ယူခဲ့မှ လက်မှတ်ရောင်းပေးပါတယ်” လို့ ပြောပါတယ်။

အရင်က မှတ်ပုံတင် မပါတာတောင် ခရီးသွားလာလို့ရပေမယ့် အခုအခါ မှတ်ပုံတင်အပြင် ခရီးသွားမှတ်တမ်းပါ ဖြည့်ပေးရတယ်လို့ ခရီးသွားတယောက်က ပြောပါတယ်။

“မှတ်ပုံတင်နဲ့ ခရီးလက်မှတ်ဖြတ်တာတောင် ဘယ်မှာနေလဲ ဘာလုပ်လဲ ဆိုတာဖြည့်နေရတာ အဓိပ္ပာယ်တော့ မရှိပါဘူး။ အဓိက ‌ကတော့ လူငယ်တွေပဲ ပစ်မှတ်ထားတာပဲ ဟုတ်မယ် ထင်တယ်။ အခုဆို အဝေးသွားရဖို့ ရပ်ကွက်ထောက်ခံစာ ယူမယ်ဆိုရင် ဘယ်ကို သွားမယ်ဆိုတာ သိသွားပြီးလေ” လို့ပြောပါတယ်။

ခရီးသွားမှတ်တမ်းဖြည့်ရာမှာ ခရီးသည်ရဲ့ နာမည်၊ အဖေနာမည်၊ မှတ်ပုံတင်နံပါတ်၊ အမြဲတမ်း နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဘယ်ကနေ ဘယ်ကိုသွားမယ်ဆိုတာ ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။

အချက်အလက်ဖြည့်ထားတဲ့ ခရီးသွားမှတ်တမ်း ၂ စောင်ကို ထွက်ခွာတဲ့ဂိတ်မှာ တစောင်ပေးရပြီး ကျန်တစောင်ကို ရောက်ရှိတဲ့ဂိတ်မှာ ပေးရမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေ တိုးလာပြီး ပိုက်ဆံကောက်နေတဲ့အပြင် စက်သုံးဆီ ဝယ်ယူရခက်ခဲလာတာကြောင့် ကားခဈေးကျပ် ၂၀၀၀ ခန့် ဈေးမြှင့်တက်ခဲ့ရတယ်လို့ ကားဂိတ်ဝန်ထမ်းတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013