ပြီးခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ စစ်တပ်က ခန့်အပ်တဲ့ အထက်လွှတ်တော်အမတ်တွေက ကန့်ကွက်လို့ ဝန်ကြီးချုပ်ဖြစ်ခွင့် မရခဲ့သူ Move Forward ပါတီရဲ့ ခေါင်းဆောင်ဟောင်း၊ လက်ရှိ ဦးဆောင်အကြံပေးပုဂ္ဂိုလ် လုပ်နေတဲ့ ဖိထား လိုမ့်ကျရွန်းရတ်ကို ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစေလိုသူ အရေအတွက်ဟာ ပိုများလာတယ်လို့ Nida (နီဒါ) စစ်တမ်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
ဖိထားကို ဝန်ကြီးချုပ် ဖြစ်စေလိုသူက ၄၂ ဒသမ ၇၅ ရာခိုင်နှုန်းအထိ ရှိလာပြီး ရှေ့တစ်ကြိမ် စစ်တမ်းမှာ ၃၉ ဒသမ ၄၀ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ ပိုတိုးလာတာဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ဆေထားထဝီးဆင်အပေါ် လူကြိုက်များမှုကတော့ လျော့ကျလာပြီး ၁၇ ဒသမ ၇၅ ရာခိုင်နှုန်းကပဲ ဝန်ကြီးချုပ်အဖြစ် ထောက်ခံကြတယ်လို့ National Institute of Development Administration (နီဒါ) က ကောက်ယူတဲ့ စစ်တမ်းမှာဖော်ပြပါတယ်။
ဒီဇင်ဘာတုန်းက ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတုန်းက ဆေထားကို ထောက်ခံသူ ၂၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ မတ် ၂၄ ရက်မှာ ထုတ်ပြန်တဲ့ စစ်တမ်းမှာတော့ ထောက်ခံမှုကျသွားတာ မြင်တွေ့ရပါတယ်။
အာဏာရ ဖွေ့ထိုင်းပါတီခေါင်းဆောင် ဖဲထောင်ထန်းရှင်နာဝပ်က ၆ ရာခိုင်နှုန်း ထောက်ခံမှုနဲ့ တတိယလူကြိုက်အများဆုံး ဖြစ်နေပါတယ်။ ဒီစစ်တမ်းကို ထိုင်းနိုင်ငံတဝန်းက မျိုးဆက်အားလုံး၊ အသက်မွေးဝမ်းကျောင်းအားလုံးကို ကိုယ်စားပြုတဲ့ လူ ၂၀၀၀ ခန့်ကို မေးမြန်းကောက်ယူထားတာ ဖြစ်ပြီး သုံးလ တစ်ကြိမ် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ပါတီအနေနဲ့ ထောက်ခံမှုမှာလည်း ဖျက်သိမ်းခံရမဲ့ အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဖိထားရဲ့ Move Forward ပါတီအပေါ် ထောက်ခံမှု တိုးလာခဲ့ပြီး ၄၈ ဒသမ ၄၅ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။
ပြိုင်ဘက် ဖေ့ထိုင်းပါတီအပေါ်တော့ ထောက်ခံမှုက ၂၂ ဒသမ ၁၀ ရာခိုင်နှုန်းပဲရှိပြီး လွန်ခဲ့တဲ့ သုံးလနဲ့ ယှဉ်ရင် ကျဆင်းသွားတာ ဖြစ်ပါတယ်။
Source/photo-Reuters