ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ အုန်းတောရွာမှာ မတ် ၂၂ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဒေသခံတယောက် ဒဏ်ရာရပြီး သူ့ကို သွားကယ်သူလည်း နောက်ထပ်မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အုန်းတောရွာနဲ့ ပြိုင်းစေ့ကေရွာအကြားကဂြင်းတက် တောင်ပေါ်ကို ဟင်းသီးဟင်းရွက် သွားရှာတဲ့ ဦးဝင်းနိုင်စိုးဟာ စစ်တပ်ထောင်ထားတဲ့မိုင်းနင်းမိရာက ဒဏ်ရာရရှိခဲ့တာလို့ ရွာသားတယောက်က ပြောပါတယ်။
“ဦးဝင်းနိုင်စိုးက တောင်မှာဟင်းရှာရင်း မိုင်းနင်းလို့ ခြေထောက်တဖက်ပြတ်သွားတယ်။ သူ့ကို ကယ်ဖို့သွားတဲ့ ဦးဇော်ဇော်က နောက်ထပ်မိုင်းတလုံးနင်းမိပြီး အဲ့ဒီနေရာမှာပဲ သေသွားတာ။ သွားပြန်ကယ်တာက နေ့လယ် ၂ နာရီနဲ့ မိနစ် ၄၀ အချိန်မှာပါ" လို့ ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲလို့ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးဇော်ဇော် နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ဦးဝင်းနိုင်စိုးမှာတော့ ညာဘက်ခြေထောက်ပြတ်ထွက်ခဲ့တာကြောင့် ကျောက်ဖြူဆေးရုံကို ပို့ဆောင် ကုသထားရတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်ထဲက တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားတဲ့ ဂုံးချွိန်တိုက်နယ်နဲ့
မလကျွန်းဘက်တွေမှာ မြေမြှုပ်မိုင်းထောင်တာကို ခလရ ၃၄ တပ်ရင်းနဲ့ ခမရ ၅၄၂ တပ်ရင်းက လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နဲ့ ၇ ရက်နေ့က သစ်ပုတ်တောင်တိုင်နယ်၊ စိုင်ခြုံဒွိန်ရွာနား၊ ငှက်ခေါင်းပေါက်တောင်က တောလမ်းမှာ မြေမြုပ်မိုင်း ၄ လုံး၊ မတ် ၈ ရက်နေ့မှာ ၆ လုံး၊ မတ် ၁၂ ရက်နေ့မှာ မလကျွန်းရွာအနီး တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ မီတာ ၁၀၀ လောက်အကွာ ကျောက်ဆိပ်ပင်ကုန်း တောလမ်းမ အလယ်တည့်တည့်မှာ မိုင်း ၇ လုံးတို့ကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေကပါတယ်။
အခုနှစ် မတ်လအတွင်း ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲလို့ ဒေသခံ ၅ ယောက် ဒဏ်ရာရပြီး အဲဒီထဲက ၂ ယောက် ခြေထောက်ပြတ်ထွက်ပြီး ၁ ယောက်ကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။