ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ဟိုက်ဂျက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် ၄ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတနာရေးကူညီမှု အသင်းဆီက သိရပါတယ်။
ရွှေတောင်မြို့၊ စိုက်ပျိုးရေးရွာသစ်ရွာအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် မတ် ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြည်ဘက်ကနေ ရန်ကုန်ဘက်ကိုမှောင်းနှင်လာတဲ့ ဟိုက်ဂျက် အညိုရောင်ကားဟာ အလေးချိန်များတာကြောင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၂ ဦးထဲက အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၃ ဦးတို့နေရာမှာပဲသေဆုံးခဲ့ပြီး အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၉ ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ပရဟိတနာရေးကူညီမှုအသင်းတာဝန်ရှိသူတဦးက “၁၀ ယောက်လောက်ပဲဆံ့တဲ့ ခွေးဘီလူးကားကို ယာဉ်မောင်းအပါအဝင် ၂၁ ယောက်စီးတော့ ဝိတ်လေးပြီးမှောက်သွားတာ။ ၄ ဦးကတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေတယ်။ ဒဏ်ရာစိုးရိမ်ရတာက ၄ ဦး၊ မစိုးရိမ်ရတာက ၆ ဦးရှိတယ်။ ကျန်တာတွေက ပွန်းပဲ့လောက်ဆိုတော့ ဆေးထည့်ပေးပြီး အိမ်ပြန်ပို့ပေးလိုက်တယ်” လို့ ပြောပါတယ်။
သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာများတဲ့သူ ၁၀ ဦးကို ပရဟိတနာရေးကူညီမှုအသင်းက ရွှေတောင်ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီထဲက ဒဏ်ရာပြင်းထန်တဲ့ ၄ ဦးကိုတော့ ပြည်ဆေးရုံဆီကို ဆက်ပြီး ပို့ဆောင်ပေးခဲ့ပါတယ်။