ရုရှားဟာ ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ဇီးယားဒေသရှိ နိုင်ငံရဲ့အကြီးဆုံးဆည်ဖြစ်တဲ့ နီးပရို ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို မတ် ၂၂ ရက်က ညတွင်းချင်း ၈ ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း အထွေထွေအစိုးရရှေ့နေရုံးမှ စစ်ရေးဌာနအကြီးအကဲ ယူရီး ဘီလိုဆိုဗ် က နေရှင်နယ် ရုပ်မြင်သံကြားကို ပြောကြားခဲ့ပါတယ်။
မျက်မြင်သက်သေ တဦးကလည်း ဒုံးကျည် တစင်းက ဆည်ကို ထိမှန်တဲ့အခိုက်အတန့်ကို ရိုက်ကူးမိခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းစွမ်းအင်အခြေခံအဆောက်အဦအပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု ကို သောကြာနေ့က ပြုလုပ်ခဲ့ရာမှာ ကြီးမားတဲ့ ရေကာတာတခုကို ထိမှန်ခဲ့လို့ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး တခြားလူပေါင်း တသန်းကျော် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ကြောင်း ကိယက်ဗ်က ပြောကြားခဲ့ပါတယ်။
လေကြောင်းရန် ကာကွယ်ရေးတွေ ပိုမိုထောက်ပံ့ပေးဖို့ မဟာမိတ်တွေကို ကာလရှည်ကြာ တိုက်တွန်းခဲ့တဲ့ ယူကရိန်းက ဒေသ ၇ ခုမှာ မီးပျက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သူ့ရဲ့ စွမ်းအင်စနစ်ကို အိမ်နီးချင်း ပိုလန်၊ ရိုမေးနီးယားနဲ့ စလိုဗက်ကီးယားတို့ဆီကနေ အရေးပေါ် ဓာတ်အား အထောက်အပံ့တွေ ရရှိခဲ့ကြောင်း ယူကရိန်းက ပြောပါတယ်။
ဒေသ ၉ ခုမှာ ဓာတ်အားရရှိရေး ပြုပြင်ဖို့ လုပ်ဆောင်နေကြောင်းလည်း သမ္မတ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။
မော်စကိုကလည်း ယူကရိန်းရဲ့ ဓာတ်အားပါဝါ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ခြင်း ဟာ ရန်သူ့စစ်တပ်ကို အင်အားလျော့အောင် ရည်ရွယ်တဲ့ တရားဝင် တိုက်ခိုက်မှုဖြစ်ကြောင်း ပြောထားပါတယ်။
Source/Photo - Reuters