တောင်တရုတ်ပင်လယ်အငြင်းပွားရေပိုင်နက်မှာ မတ် ၂၃ ရက်က ဖိလစ်ပိုင်ရေယာဉ်တွေကို ကိုင်တွယ်ထိန်းချုပ်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပြီး တရုတ်ရဲ့လုပ်ရပ်ဟာ “တာဝန်မဲ့ပြီး ရန်စရာရောက်တယ်” လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဘက်က တုံ့ပြန်ပါတယ်။
တရုတ်ကမ်းခြေစောင့်ရေယာဉ်တွေဟာ ဖိလစ်ပိုင်ရိက္ခာသယ် စက်လှေကို ရေအမြောက်တွေ သုံးပြီး ရေလုံးနဲ့ ဝိုင်းထိုးကြပုံ ဗီဒီယိုကို ဖိလစ်ပိုင်တပ်မတော်က ထုတ်ပြန်ပါတယ်။
ဒီစက်လှေဟာ စက္ကန်းသောမတ်စ် သဲသောင်ခုံမှာ ကမ်းတင်ထားတဲ့ ဒုတိယကမ္ဘာစစ်က စစ်သင်္ဘောမှာ တပ်စွဲနေကြတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့တွေအတွက် ရိက္ခာထောက်တဲ့ စက်လှေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း အလားတူဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးပြီး တရုတ်သင်္ဘောတွေက ခုလိုပဲ ရေလုံးနဲ့ ဝိုင်းထိုးကာ ဖိလစ်ပိုင်စက်လှေကို မောင်းထုတ်ခဲ့ဖူးပါတယ်။
စက္ကန်းသောမတ်စ်သဲသောင်ခုံအပါအဝင် တောင်တရုတ်ပင်လယ်တခွင်လုံးကို သူတို့ပိုင်တယ်လို့ တရုတ်ပြည်မကြီးက ကြေညာထားပါတယ်။
တကယ်တမ်းမှာတော့ အဲဒီနေရာဟာ ဖိလစ်ပိုင်ရဲ့ ရေပိုင်နက် မိုင် ၂၀၀ အတွင်းကျတဲ့ အထူးသီးသန့် စီးပွားရေးဇုန်နေရာဖြစ်ပါတယ်။
တရုတ်မှာ အဲဒီလို ပင်လယ်တခွင်လုံး သူတို့ပိုင်တယ်လို့ လုပ်ပိုင်ခွင့် မရှိဘူးလို့ ၂၀၁၆ တုန်းက အနုညာတအငြင်းပွားမှုဆိုင်ရာ အမြဲတမ်းခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့တရုတ်က မလိုက်နာတဲ့အပြင် လက်ရှိသဲသောင်ခုံပေါ်မှာ ကမ်းတင်ထားတဲ့ သင်္ဘောကိုပါ ဖယ်ခိုင်းနေတာဖြစ်ပါတယ်။
ဖိလစ်ပိုင်က ဒီသင်္ဘောကို ဖယ်ပေးမယ်ဆိုပြီးမှ ကတိဖျက်တယ်လို့ တရုတ်ဘက်က စွပ်စွဲထား ပါတယ်။
ဖိလစ်ပိုင်ကတော့ သူတို့ဘက်က ဘယ်တုန်းကမှ အဲဒီလို ကတိမပေးဖူးဘူးလို့တုံ့ပြန်ထားပါတယ်။
Source/Photo - Reuters