Home
မြန်မာသတင်း
မိုးမောက်မြို့နယ်က အမြောက်တပ်ရင်းကို ကေအိုင်အေပူးပေါင်းအဖွဲ့သိမ်းပိုက်
DVB
·
March 23, 2024
Mo-Mauk

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က အမှတ် ၃၇၀ အမြောက်တပ်ရင်းကို ဒီနေ့မတ် ၂၃ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်လောက်မှာ ကချင် လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီလို့ ကေအိုင်အေရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နောင်ကွမ် (နောင်ကောန်) ကျေးရွာအုပ်စု၊ နောင်ကွမ် (နောင်ကောန်)ရွာဘက်မှာရှိတဲ့ အဲဒီစခန်းကို ဒီမနက် ၆ နာရီလောက်မှာ စတင်တိုက်ခိုက်ပြီး ၇ နာရီလောက်မှာ သိမ်းလိုက်နိုင်တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဒီမနက် ခဏလေးပဲ ပစ်ရသေးတယ် ထွက်ပြေးသွားကြတယ်။ သွားတိုက်တာ ၁ နာရီတောင် မကြာဘူး။ သူတို့ဘာသာ သူတို့ ထွက်ပြေးသွားတာ” လို့ ပြောပါတယ်။

ရှေ့တန်းနဲ့ နီးစပ်သူ ဒေသခံ အမျိုးသမီးတယောက်ကလည်း အမြောက်တပ်ကို သိမ်းလိုက်ပြီဆိုတာ သိရကြောင်းနဲ့ အသေးစိတ်ကိုတော့ မသိရသေးကြောင်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ၃၇၀ အမြောက်တပ်အနီးအနီးမှာ မခွယ်ဆိုတဲ့ ရွာငယ်ရှိပြီး ဒေသခံတွေတော့ ဘေးလွတ်ရာ တိမ်းရှောက်နေကြရတယ်လို့ဆိုပါတယ်။

နှစ်ဖက်ထိခိုက်မှုနဲ့ အသေးစိတ်မသိရသေးပေမယ့် စစ်တပ်ဘက်က ကတုတ်ကျင်းနဲ့ တပ်တွင်းထဲတွေမှာ ဆူးချွန်တွေ အများအပြားစိုက်ထားတာကြောင့် ကေအိုင်အေနဲ့ ပူးပေါင်းဘက်က ထိခိုက်ဒဏ်ရသူတွေ ရှိတယ်လို့ သိရပါတယ်။

အဲဒီ အမှတ် ၃၇၀ အမြောက်တပ်ရင်းကို ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့လောက်ကစလို့ ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲတွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကေအိုင်အေ‌နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၂၁ ရက်နေ့ မနက် ၇ နာရီလောက်မှာလည်း မိုးမောက်မြို့နယ်၊ နွမ်လန်းကျေးရွာက ခမရ ၄၃၈ နဲ့ နောင်ကွမ်ကျေးရွာက လက်နက်ကြီး တပ်ရင်းစခန်း ၆၁၆ ကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီလောက်မှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013