Home
မြန်မာသတင်း
မိုးမောက်က တပ်ရင်း ၂ ခုကို ကေအိုင်အေသိမ်းပိုက်၊ ဟိုပင်တွင် ရှမ်းနီတပ်များ ဗုံးချတိုက်ခိုက်ခံရ
DVB
·
March 23, 2024
drop 2332024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်က စစ်ကောင်စီတပ်ရင်း ၂ ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ စစ်ကြောင်းထိုးလာတဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)နဲ့ ရှမ်းနီ ပြည်သူ့စစ်တပ်တို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ်၊ နွမ်လန်းကျေးရွာက ခမရ ၄၃၈ နဲ့ နောင်ကွမ်ကျေးရွာက လက်နက်ကြီး တပ်ရင်းစခန်း ၆၁၆ ကို မတ် ၂၁ ရက်နေ့ ညနေပိုင်းက ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီလို ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရှိရပါတယ်။

“တိုက်ပွဲဖြစ်တာဟုတ်တယ်။ ဟင်္သာရွာဘက်မှာ လက်နက်ကြီးတွေကျလို့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်။ ၁၀ ယောက်နီးပါး ဒဏ်ရာရထားတယ်။ ဗန်းမော်မြို့က ပရဟိတလူမှုကူညီရေး အသင်းတွေ လာကြိုပေးပြီး ပြည်သူ့ဆေးရုံကြီးမှာကုသမှု ခံယူနေပါတယ်” လို့ ပြောပါတယ်။

မတ် ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးလာက်ရှိတဲ့တပ်ရင်းတွေကို ကေအိုင်အေနဲ့

ပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲ ၅ နာရီလောက်အတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ သိရပေမယ့် အတိအကျတော့ မထုတ်ပြန်သေးပါဘူး။

မတ် ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာ ဗန်းမော်မြို့က လေယာဉ်ကွင်းကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကွင်းနဲ့ လေယာဉ်ကွင်းအနီးက အမြောက်တပ်ထဲကို ကျရောက် ပေါက်ကွဲတယ်လို့သိရပေမယ့် ပျက်စီးတဲ့အခြေအနေကိုတော့ မသိရပါဘူး။

ဒါ့အပြင် နောင်ကွမ်ကျေးရွာမှာရှိတဲ့ အမြောက်တပ်ရင်း အမှတ် ၃၇၀ ကိုလည်း ကေအိုင်အေ ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။

အခု ရက်ပိုင်းအတွင်း လိုင်ဇာမြို့နဲ့ ပါဂျောင်ကျေးရွာကြားက နာဖော့စခန်းအပါအဝင် အနီးအနားက စစ်ကောင်စီတပ်စခန်း ၆ ခုကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာတော့ မတ် ၂၀ ရက်နေ့ မနက်ပိုင်းက နန့်ရင်းရပ်ကွက်ထဲကို စစ်ကြောင်းထိုးလာတဲ့ ရှမ်းနီအမျိုးသား တပ်မတော် (SNA)နဲ့ ရှမ်းနီ ပြည်သူ့စစ်တပ်တို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဟိုပင် KPDF က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မနက် ၁၀ နာရီလောက်က စစ်ကြောင်းထိုးလာတာ။ SNA နဲ့ ပြည်သူ့စစ်စခန်းရှိတဲ့ မြို့ဦးစေတီဘက်ကနေ နန့်ရင်းရပ်ကွက်ဘက်ကို စစ်ကြောင်းထိုးလာရင်း ဒရုန်းနဲ့ ဗုံးကြဲခံရတာ။ ထိခိုက်သေဆုံးမှုရှိနိုင်တယ်” လို့ ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက်  ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ပူးပေါင်းတပ်ဖွဲ့က ၂ ယောက် သေဆုံးပြီး ဒဏ်ရာရှိသူတွေလည်းရှိတယ်လို့ ဒေသခံတွေ ပြောဆိုပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းကတော့ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့  အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ ဟိုပင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် KPDF က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013