ယူကရိန်းပိုင်နက်ကနေ ရုရှားဘက်ကို အကြိမ်ကြိမ် ပစ်ခတ်တာ ခံနေရတဲ့ ယူကရိန်းနယ်စပ် ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်မြို့က ဒေသခံတွေ နေအိမ်တွေကို စွန့်ခွာပြီး ဘေးကင်းရာဆီ ပြောင်းရွှေ့ဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က တိုက်တွန်းခဲ့ပါတယ်။
မတ် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းထဲမှာ အာဏာပိုင်တွေက ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေ လုံခြုံစေဖို့ ဆောင်ရွက်ပေးမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ကလေးတွေကို ဆက်ရွှေ့ပြောင်းပေးမှာဖြစ်ပြီး အခုစာရင်းတွေမှာ နာမည် ၉,၀၀၀ ပါရှိပြီး ၁,၂၀၀ ကတော့ မတ် ၂၂ ရက်မှာ ထွက်ဖို့ စီစဉ်ထားတယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။
မတ် ၂၁ ရက်ကစပြီး ယူကရိန်းနယ်စပ်က နယ်မြေတွေဆီ ဝင်ရောက်ခွင့်ကို ကန့်သတ်ဖို့ ရဲ၊ စစ်တပ်၊ နိုင်ငံတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တာဝန်ချထားတဲ့ စစ်ဆေးရေးဂိတ်တွေကို အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဘယ်လ်ဂိုရော့ဒ်ဒေသမှာ ရုရှားက ယူကရိန်းရဲ့ အထူးစစ်ရေးစစ်ဆင်ရေးလို့ သတ်မှတ်ထားတဲ့ စစ်ဆင်ရေးအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး အမြောက်ကျည်တွေ အကြိမ်ကြိမ် ကျရောက်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဘက်က စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေ ကျူးကျော်ဖို့ ကြိုးပမ်းချက်တွေ အပါအဝင် တိုက်ခိုက်တာတွေဟာ မတ်လလယ်မှာ ကျင်းပတဲ့ ရုရှားသမ္မတ ရွေးကောက်ပွဲ အကြိုကာလမှာ ပိုမိုပြင်းထန်လာပြီး အခုလည်း ဆက်လက်ဖြစ်ပွားနေဆဲပါ။
ယူကရိန်းဘက်က ကျည်ဆန်တွေ မကြာခဏကျနေတဲ့ ရုရှားနယ်စပ်ဒေသတွေရဲ့ လုံခြုံရေးကို အာမခံပေးမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ် ၂၀ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားက တုံ့ပြန်ဖို့ အစီအစဉ်ရှိပေမဲ့ ယူကရိန်းပြည်သူတွေနဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှာ မဟုတ်ဘူးလို့လည်း ကရင်မလင်နန်းတော်မှာ တက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပွဲအတွင်း ပူတင်က ပြောခဲ့ပါတယ်။
Source/Photo-Reuters