ရိုဟင်ဂျာဒုက္ခသည်တွေ ဒါဇင်နဲ့ချီ တင်ဆောင်လာတဲ့ သစ်သားလှေတစင်းဟာ အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်းက အာချေးပြည်နယ်ကမ်းရိုးတန်းမှာ တိမ်းမှောက်ခဲ့တာကြောင့် လှေပေါ်ပါ လူ ၆ ယောက်ကို ဒေသခံငါးဖမ်းသမားတွေက ကယ်တင်ခဲ့ရတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။
မတ် ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိမ်းမှောက်မှုဟာ အာချေးပြည်နယ်၊ ကွာလာဘူဘွန်ကမ်းခြေက ၁၆ မိုင်အကွာမှာ စက်လှေ တိမ်းမှောက်ခဲ့တယ်လို့ ငါးဖမ်းသမားတွေ က ပြောပါတယ်။
ဒေသခံငါးဖမ်းသမားတွေဟာ လူ ၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ အသက်ရှင်ကျန် ရစ်သူတွေ လှေပေါ်မှာ နောက်ထပ်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကယ်တင်နိုင်ခဲ့သူတွေထဲမှာတော့ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂ ယောက် ပါဝင်ပြီး လတ်တလောမှာတော့ သူတို့ကို ဘေးလွတ်ရာ ယာယီခိုလှုံရာနေရာမှာ ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။
လတ်တလော နစ်မြုပ်သွားတဲ့ လှေထဲမှာ ရိုဟင်ဂျာအရေအတွက် ဘယ်လောက်ပါသလဲ၊ အဲဒီလှေဟာ ဘယ်ကို ဦးတည်သွားသလဲဆိုတာတွေနဲ့ ပတ်သက်တဲ့ သေဆုံး၊ ပျောက်ဆုံး အချက်အလက်တွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဉ် နိုဝင်ဘာ ကနေ ဧပြီလအတွင်း ပင်လယ်ပြင်တွေ ငြိမ်သက်လာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဆီ သစ်သားလှေတွေနဲ့ ထွက်ခွာကြလေ့ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အမျိုးသမီးနဲ့ ကလေးသူငယ် သုံးပုံနှစ်ပုံပါဝင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၄,၅၀၀ နီးပါးဟာ နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ လှေနဲ့ ထွက်ပြေးခဲ့ကြပြီး အဲဒီထဲက သေဆုံး၊ ပျောက်ဆုံးရတဲ့သူ အနည်းဆုံး ၅၆၉ ယောက် ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားပါတယ်။
ထိုင်းနဲ့ မလေးရှားနိုင်ငံတွေလိုပဲ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခ သည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တာကြောင့် သူတို့ကို လက်ခံဖို့ တာဝန်မရှိပေမယ့် အခုအချိန်အထိ ဒုက္ခသည်တွေအတွက် ယာယီနေရာတွေ ထောက်ပံ့ပေးထားဆဲ ဖြစ်ပါတယ်။
Source: AP/PBS