(က)
“အင်း . . . ဘာလိုလိုနဲ့ ‘တော်လှန်ရေးနေ့’ တောင်မှ နီးလာပါပေါ့လား”
“‘တပ်မတော်နေ့’ လုပ်စမ်းပါကွ လုံးတုံးရ”
“ဟေ့ကောင် စိမ်းမောင် . . . မင်းက ခုထက်ထိ ‘တပ်မတော်နေ့’ လုပ်နေတုန်းပဲကိုးကွ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
ကျန်သူတွေအားလုံး အုံးကနဲ ထပြီးရယ်ချလိုက်ကြတော့ စိမ်းသရဖူစိမ်း အဘစိမ်းမောင် မျက်နှာပေးက မကြိုက်ချင်။ ပြီးတော့ “ဖက်ဆစ်ဂျပန်ကို တပ်မတော်က ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့တဲ့နေ့မို့ ‘တပ်မတော်နေ့’ လို့ ခေါ်ခဲ့တာကွ” ဟု ပြောလာလေရာ ‘တဟားဟား’ ထပ်၍ ရယ်ကြပြန်လေ၏။
“ဒီမှာစိမ်းမောင် . . . ဖက်ဆစ်တွေကို တွန်းလှန်ခဲ့တာ တနိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆိုသလို လယ်သမားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားတွေကအစ ဘုန်းတော်ကြီးတွေအထိ လူတန်းစားအစုံ ပါဝင်ပြီး တော်လှန်ခဲ့ကြတာကွ”
“အဲ . . . . .”
“အဲဒါကြောင့် နဂိုက ‘တော်လှန်ရေးနေ့’ လို့ သတ်မှတ်ခေါ်ဆိုခဲ့ကြတာကို မင်းတို့ပထွေးကြီး အာဏာရှင် ဗိုလ်နေဝင်းက အပိုင်စီးပြီး ‘တပ်မတော်နေ့’ လုပ်ပစ်ခဲ့တာလေကွာ”
“အဲ . . . အင်း . . . ဟို ဒ င်း . . . ကွာ”
“အခုလည်း ကြင်စိုး သာဝ မအလရဲ့ ဖက်ဆစ်တပ်ကို ခုလာမယ့် မတ်လ ၂၇ ရက် ‘တော်လှန်ရေးနေ့’ မှာ တတိုင်းပြည်လုံး ‘ကားနေ၊ မော်တော်အောင်း၊ ဘီယာဇောင်းမကျန်’ တပြိုင်တည်း အပြုတ်နှံကြတော့မယ့် အနေအထားပဲကွ”
“ဟုတ်တယ်ကွ လုံးတုံးရ . . . စိမ်းမောင်ကို သဘောပေါက်အောင် ရှင်းပြလိုက်စမ်းပါကွာ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . ရှင်းပြရမှာပေါ့ကွာ”
“၁၉၄၅ ခုနှစ်တုန်းက ‘ဖက်ဆစ်ငပုတွေ’ ကို အရေခွံဆုတ်ခဲ့တာ၊ ခုလည်း ‘ဖက်ဆစ်ဂျပု’ ရဲ့ ပြုန်းကာနီးတပ်တွေကို လောကအပြင်ဘက်အရောက် မောင်းထုတ်ကြတော့မှာ ကျိန်းသေဟ”
“အေးပါ . . . . မင်းတို့ထင်သလောက် လွယ်မယ်မထင်ဘူး”
“ဟားဟား ဟားဟား ဟားဟား . . . စိမ်းမောင် . . . စိမ်းမောင် . . . ခုထက်ထိ အသိခေါက်ခက် အဝင်နက်တုန်းကိုး၊ မအလရဲ့ ဖက်ဆစ်တပ်သားတွေက ‘ငါးပိကောင်တွေ’ ဖြစ်နေပြီဟ သောက်ရူးရ”
“‘ငါးပိကောင်’ ဖြစ်နေပြီဆိုတာ ဘာလဲ”
“မင်းတို့အဘ မအလရဲ့ လက်ပါးစေတပ်သားတွေက ရေကူးနိုင်စွမ်းရှိတဲ့ ‘ငါးတွေ’ မဟုတ်တော့ဘဲ ခုဆိုရင် ယင်တလောင်းလောင်း အပုပ်နံ့တွေ တထောင်းထောင်း ထနေပြီဖြစ်တဲ့ ‘ငါးပိကောင်တွေ’ ဘဝ ရောက်ရှိနေကြပါပြီဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ခ)
အရွှင်အဘတွေ၏ သုံးသပ်စကားများကို ရပ်ကျေးအစိမ်းဥက္ကဋ္ဌ စိမ်းသရဖူစိမ်း အဘစိမ်းမောင်က နားခါးနေပါလေ၏။ “ဘာ ငါးပိကောင်လဲ . . .” ဟု မကြားတကြား ရေရွတ်နေပါလေ၏ ခင်ဗျာ။ အဘစောမူးသာက ပြုံးစိစိလုပ်ကာ ပါးစပ်ပြင်နေပါလေ၏။
“ဒီမှာ စိမ်းမောင် . . . ငါးတွေဟာ ရေထဲမှာ အသက်ရှင်တုန်းသာ ဖျတ်ဖျတ်လတ်လတ် ကူးခတ်နိုင်ကြတာ။ အေး . . . ခုလို ‘ငါးပိကောင်’ ဘဝ ရောက်နေကြပြီဆိုရင်တော့ ရေကူးချင်လို့ မရတော့ဘူးဟ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
အရွှင်အဘနှစ်ဦးနှင့် အစိမ်းစွဲ အဘတဦးတို့ကိုကြည့်ကာ ပြုံးရပါလေ၏။ အဘလုံးတုံးက ဖေကြီးကိုကြည့်ကာ ပြုံးဖြဲဖြဲ လုပ်ပြပါလေရာ စစ်ဆင်ရေးကို ရှေ့တိုးတော့မည့်ပုံစံပါ။ ခဏနေတော့ စကားဆက်ပါ၏။
“ဖေကြီးရေ . . . နေ့လယ်စာကို ဒီမှာပဲ ဘုန်းပေးသွားတော့ကွာ၊ ငါတို့ အတူတူစားကြစို့”
“စိမ်းမောင်လည်း ဒီမှာပဲစားသွားတော့၊ နှုတ်မြိန်စရာ ဟင်းတွေကွ၊ ငါစီမံထားတာလေ။ ဝက်သားကို မရမ်းပြားနဲ့ ချက်ထားပြီး ပဲကြီးဟင်းချိုနဲ့ သရက်သီးသုပ်ဟ”
“သွားရည်တောင်ယိုလာပြီ အဘရာ . . .”
ထိုအခါ အဘစိမ်းမောင်က “မစားတော့ပါဘူးကွာ၊ အိမ်မှာလည်း မင်းတို့လိုပဲ နှုတ်မြိန်စေမယ့် ဟင်းတွေ လုပ်ထားပါတယ်ကွ”
“ဟုတ်လားဟ . . . ဘာတွေလုပ်ထားလဲ”
“ပေါ်ဦးပေါ်ဖျား မရန်းသီးလေးတွေကို ခပ်စပ်စပ်လေး သုပ်ထားတယ်။ ပြီးတော့ ခွေးေတာက်ရွက်ဟင်းချိုရယ် ငါးပိကောင်ကြော်ရယ်ကွ . . . ဟ ဟ ဟ”
“ဝါး . . . ဟားဟား ဟာဟား ဟားဟား”
တိုင်ပင်မထားကြပါဘဲ ရုတ်တရက် တပြိုင်တည်း ထရယ်မိကြပြန်ပါလေရာ “ဘာရယ်စရာ ပါလို့လဲဟ” ဟု ကျွဲမြီးတိုပါလေ၏ခင်ဗျာ။
“မင်းရဲ့ နှုတ်မြိန်စေမယ့် ဟင်းလျာထဲမှာ ‘ငါးပိကောင်’ ပါတယ်ဆိုတော့ကာ ထရယ်မိကြတာပေါ့ ဟကောင်ရ”
“ဟမ် . . . . .”
အဘစိမ်းမောင်ကား ခံတွင်းတွေ့မည့်ဟင်းကို အားကျမခံ ပြန်လည်ပြောဆိုရင်း ငါးပိကောင်ဇာတ် ဖြစ်သွားလေရာ သူ့ဟာနဲ့သူ ဒေါကန်နေပါလေတော့၏။
“ဒီမှာပဲ ဝက်သားနဲ့ ‘ဆွဲ’ သွားပါကွာ၊ အိမ်ပြန်ပြီး ဇာတ်တူသားတွေ စားမနေနဲ့”
“ဘာ ဇာတ်တူသားလဲဟ”
“ငါးအဖြစ်ကနေ ဘဝပြောင်းသွားပြီဖြစ်တဲ့ ‘ငါးပိကောင်တွေ’ လေကွာ’
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“တောက် . . . ဒီမိန်းမကလည်း ဒီနေ့မှပဲ ‘ငါးပိကောင်’ ကြော်ရတယ်လို့ကွာ . . .”
“ဟားဟား ဟားဟား ဟားဟား”
သူ့စကားတွေကား ဆက်၍ ဟားချင်စရာတွေ ဖြစ်နေလေရာ အဘစိမ်းမောင်မှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပါလေ၏။ အဘစောမူးသာက ဆက်၍ ‘ကြပ်’ ပါလေ၏။
“‘ငါးပိကောင်တော့ ကြည့်ကျက်စားမောင်၊ အခန့်မသင့်ရင် သွေးတွေဆောင့်တက်လို့ အခက်တွေ့နေအုံးမဟ”
“တိုး တိုး ကွာ . . . တိုးပါစေ”
“ဝါး . . . ဟားဟား ဟားဟာ ဟားဟား”
(ဂ)
“ငါ ပြန်တော့မယ်ကွာ . . .”
“နေပါအုံးဟ စိမ်းမောင်ရ . . . နေက မတရားပူနေတာ . . . ဒီမှာပဲစားသွား . . . အေးမှပြန်”
“အိမ်မှာလည်း အလုပ်တွေ ရှိသေးလို့ဟ”
“ဘာလဲ . . . ‘ငါးပိကောင်’ ကြော်ဖို့လား”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
“တော်ကွာ . . . တော် တော် . . .”
“ဟားဟား ဟားဟား ဟားဟား . . .”
“ဒါနဲ့ မင်းတို့ ‘ငါးပိကောင်’ ကို ဘယ်ကရတာလဲ”
“အဲ . . . ဈေးထဲကပေါ့ဟ”
“သိပါဘူးကွာ . . . မအလတပ်ထဲက CDM မလုပ်တဲ့ မင်းတူပို့လိုက်တဲ့ ‘ငါးပိကောင်တွေ’ များလားလို့ပါ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
“တော်ကွာ . . .”
ဒေါသသံပါလာလေသည့် အဘစိမ်းမောင်ကား တရှူးရှူး တရှားရှား၊ အရွှင်အဘတွေကား ဟားပြီးရင်းဟား။ အဘစောမူးသာက ပြုံးပြောင်ပြောင် မျက်နှာထားဖြင့် စကားဆက်ပြန်ပါလေ၏။
“‘ငါးပိကောင်’ ဆိုတာလည်း ‘လတ်’ မှကွ၊ အရည်တွေ တရွှဲရွှဲနဲ့ အပုပ်နံ့ဘက်ကူးပြီး လောက်တွေ တဖွားဖွားဆိုရင် အဆင်မပြေဘူးဟ”
“တော်တော့ကွာ ဒီ ‘ငါးပိကောင်ကိစ္စ’ ကို”
“အေးပါကွာ . . . အေးပါ . . . သြော် . . . ငါးပိကောင် . . . ငါးပိကောင် . . . စားတောင်စားချင်လာပြီ”
“ဟားဟား ဟားဟား ဟားဟား”
ဒီကနေ့ စကားဝိုင်းကို ခေါင်းစဉ်ပေးရမည်ဆိုပါက ‘ငါးပိကောင်စကားဝိုင်း’ ဟု တပ်ရမည် ဖြစ်၏။ အဘစိမ်းမောင်ကား နှုတ်ခမ်းတလှုပ်လှုပ် တရွရွဖြင့်။ အသံတိတ် ကြိတ်၍ ဆဲနေပုံရပါ၏။
“ဒါနဲ့ လေရှီးက ဖေကြီးကော ‘ငါးပိကောင်’ ကြိုက်သလား”
“အဲ . . . ကြိုက်ပါတယ်အဘ၊ ငါးပိကောင်ကိုကြော်၊ ခါးရမ်းချဉ်သီးငါးပိချက်၊ ဘူးရွက်ဟင်းချိုလေးနဲ့ဆို အိုကေပေါ့အဘရာ”
“ဒါဆိုရင်တော့ နောက်ရက်လာရင် ငါးပိကောင် ဝယ်ထားပြီး ချက်ကျွေးမယ် လုံးတုံးရေ့”
“ဟုတ်တယ်မူးသာ . . . ငါကြုံရင်လည်း ဝယ်ခဲ့ပေးမယ်၊ ဟိုဘက်ရွာတွေမှာ နာမည်ကျော်ကုမ္ပဏီတခုက အစိမ်းပုပ်ရောင်ကားကြီးတွေနဲ့ ‘ငါးပိကောင်တွေ’ လာလာရောင်းတတ်သတဲ့”
“ဘယ်ကုမ္ပဏီကလို့ပြောလဲ”
“ကားတွေမှာ ဗီနိုင်းကြီးတွေ ချိတ်ချိတ်ထားတာကတော့ ‘ဦးပိုင် ကုမ္ပဏီ’ တဲ့ဟ”
“ဟေ . . . အဲဒါ ‘ကြင်စိုးနဲ့ မယားပါသားများကုမ္ပဏီ’ ရဲ့ လက်ခွဲကွ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်ကား မြေရှိုး၍ မိုးပျံချင်နေပြီ ဖြစ်၏။ ဦးထုပ်ကို ကောက်ဆောင်းကာ ကြွတတ ဖြစ်နေချိန်မှာ အဘစောမူးသာက နောက်ဆုံးပိတ် အိတ်နဲ့လွယ်သဘောဖြင့် စာမြှောင်ကပ်တေးတပုဒ်ကို အဟုတ်ဆိုချလိုက်ပါလေတော့သတည်း။
“ရေငါးက ဗျိုင်းစာပါ
သဘာဝ မှတ်ချက်ထားဟာ . . .
ကြင်စိုးတပ် ငါးပိကောင်ဟာ
တပြည်လုံးအနှံ့ အနေအထား . . .
မုသားနဲ့ အဘတွေဟာ
အကုန်ပြုတ်မယ့် ဘဝများ . . .
ခေါ်တယ် ပြုတယ်ဆိုတာ
အချိန်အခါ ရှိပါတယ်နော်
လက်ကမ်းတုန်း ရောက်အောင်လာ
နောက်များကျ မခက်လားဟာ”