Home
မြန်မာသတင်း
ကျိုက်ထိုတွင် ရွေးကောက်ပွဲအကြောင်းပြပြီး အိမ်ထောင်စုစာရင်းကောက်
DVB
·
March 20, 2024
list 2032024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို အကြောင်းပြပြီး အိမ်ထောင်စုစာရင်းတွေကို ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာရှိ‌တဲ့ နေအိမ်တွေကို မတ်လဆန်းပိုင်းကစပြီး လဝကနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ပူးပေါင်းကာ အိမ်ထောင်စုစာရင်းနဲ့တိုက်ပြီး လက်ရှိနေထိုင်သူစာရင်းပါ ကောက်ခံနေပါတယ်။

ကော့စံနိုင်ရပ်ကွက်မှာ နေထိုင်သူတဦးက “လဝက,က ဝန်ထမ်းတွေနဲ့ ရာအိမ်မှူးတို့ လာကောက်သွားတာပဲ။ ဘာလုပ်ဖို့လဲ မေးကြည့်တော့ ရွေးကောက်ပွဲအတွက်တဲ့။ လက်ရှိ နေထိုင်သူစာရင်းကော မရှိတဲ့သူစာရင်းပါ သပ်သပ်ကောက်သွားတဲ့အပြင် အဆောက်အအုံ အမျိုးအစား စာရင်းလည်း မှတ်သွားတယ်” လို့ ပြောပါတယ်။

ကျိုက်ထိုမြို့မှာ အိမ်ထောင်စာရင်း လာကောက်ရာမှာ Tablet အသုံးပြုပြီး ကောက်ခံတဲ့အပြင် အိမ်ထောင်စုစာရင်းထဲပါပြီး လက်ရှိ အိမ်မှာမရှိတဲ့ သူတွေကိုလည်း စုံစမ်းမေးမြန်းပြီး သီးခြားမှတ်သွားတယ်လို့ ကျိုက်ထိုမြို့ခံတဦးက ပြောပါတယ်။

“သူတို့က အရင်လို စာရွက်နဲ့မဟုတ်ဘဲ Tablet နဲ့ မှတ်နေတာ။ အိမ်က ကလေးက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတယ် ‌ပြောတာကို ဘယ်နိုင်ငံမှာ အလုပ်သွားလုပ်တာလဲ၊ ဘယ်တုန်းကသွားတာလဲ၊ ဘယ်တော့ပြန်လာဖို့ရှိလဲ ဆိုပြီးမေးတာ။ အိမ်ထောင်စုစာရင်း မရှိတဲ့ အိမ်တွေကိုတော့ ငွေတောင်းတာတွေ ဘာတွေတော့ မရှိပါဘူး။ ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာယူပြီး လာလုပ်ဖို့ပဲ ပြောသွားတယ်။”

ကျိုက်ထိုမြို့နယ် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၂၄ ခုရှိ လူဦးရေနဲ့ အိမ်အရေအတွက်၊ တည်နေရာ၊ အမျိုးအစားတို့ကို လဝကကဦးစီးပြီး တိုက်နယ်မှူးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့အတူ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ကောက်ခံသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် တရွာ ငါးယောက် လူတောင်းခံနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီ သတင်းပေးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း မကြာခဏ ပစ်ခတ်ခံ‌ရတာကြောင့် စစ်ကောင်စီက အစစ်‌ဆေးကြမ်းနေပြီး ဆိုင်ကယ်နှစ်ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013