ဒေါင်းနေထောင်လို့ လူသိများတဲ့ မကွေးဗဟိုအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် အကျဥ်းသားတွေကို ဝက်ကျွေးတဲ့ဆန်တွေ ချက်ကျွေးနေတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
စေတုတ္တရာမြို့နယ်က နိုင်ငံရေးအကျဥ်းသားတဦးရဲ့ အမျိုးသမီးက “ကျမအမျိုးသားကို စစ်ကောင်စီက နိုင်ငံရေးမှုနဲ့ ဒေါင်းနေထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတာ။ ပြီးခဲ့တဲ့ရက်က သူ့အတွက် ထောင်ဝင်စာပို့ရင်း ဧည့်တွေ့ရတော့လေ သူကပြောလိုက်တာလေ။ ထောင်ကကျွေးတဲ့ ထမင်းတွေက စားရတာ မကောင်းဘူး။ ဝက်ကျွေးတဲ့ဆန်တွေ ချက်ကျွေးနေတာတဲ့။ ထောင်ပိုင်ကိုပြောတော့ အစိုးရက ဘတ်ဂျက်ချမပေးတော့လို့ ထောင်ကနေပြီး အဆင်ပြေအောင် ကျွေးနေရတာလို့ပဲ ပြောတယ်တဲ့။ ကောင်းအောင် စီစဥ်မပေးသေးဘူးတဲ့။ မကောင်းတဲ့ထမင်းတွေ စားနေရတာ နှစ်ပတ်လောက်ရှိပြီတဲ့” လို့ ပြောပါတယ်။
မကွေးမြို့နယ်မှ နိုင်ငံရေးအကျဥ်းသားတဦးရဲ့ ဖခင်က “ကျနော့်သားက နိုင်ငံရေးမှုနဲ့ ဒေါင်းနေထောင်မှာပါ။ သူတို့ကို ထောင်ကကျွေးတဲ့ ထမင်းတွေက ဝက်စာဆန်တွေမို့ စားမဖြစ်အောင်ဆိုးတယ်။ မသေအောင်ဘဲ စားနေရတာတဲ့လေ။ ကျနော်လည်း သားအတွက် တော်တော်စိုးရိမ်သွားတယ်။ ICRC တို့လိုအဖွဲ့တွေ အမြန်ဆုံး ဝင်စစ်ပေးပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အကျဉ်းသားတွေကို ကျွေးတဲ့ဆန်ဟာ ဆန်ကွဲများကာ အောက်သိုးသိုးအနံ့ထွက်နေကြောင်း၊ ချက်လိုက်ပါက ခဲပြီး စီးကပ်နေတာကြောင့် ဘယ်လိုမှ စားရတာ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။
မကွေးမြို့က ဆန်စက်ပိုင်ရှင်တယောက်က “ဝက်ကျွေးတဲ့ဆန်ဆိုတာ အနိမ့်ဆုံးဆန်ပေါ့ဗျာ။ စျေးလည်းနိမ့်တယ်။ ဆန်အရည်အသွေးက အနိမ့်ဆုံးပဲ။ ချက်လိုက်ရင် အရမ်းစီးကပ်နေတာ။ စားမဖြစ်ဘူး၊ လူတွေစားဖို့ မကောင်းဘူး။ ဝက်မွေးတဲ့သူတွေ အများဆုံးဝယ်ကြတယ်။ ချက်လို့မရဘူး၊ ကြိုကျွေးရတာ၊ ဝက်တောင်မစားဘူး။ ကျမတို့ရောင်းတာကို တပြည်ကို ၃၅၀၀ လောက်ပဲရှိတယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မကွေးအကျဥ်းထောင် တာဝန်ခံ ထောင်ပိုင်ဆီကို DVB က ဆက်သွယ်မေးမြန်းရာ ဒီကိစ္စက သူစီစဥ်တာမဟုတ်ဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
မကွေးအကျဥ်းထောင်မှာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် အကျဥ်းသားစုစုပေါင်း ၁၉၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။