နယူးယောက်စီးတီး ဝန်ထမ်းဟောင်းတဦးက ၁၉၉၃ ခုနှစ်မှာ မြို့တော်ဝန် အဲရစ်အဒမ်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲဆိုပြီးနောက် တရက်အကြာမှာ နယူးယောက်မြို့တော်ဝန်က စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။
အဒမ်က မြို့မြေအောက်ရထားစနစ်အတွင်း အကြမ်းဖက်မှုတွေနဲ့ လက်ရှိဖြစ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းကို မိန့်ခွန်းပြောအပြီး စွဲချက်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ “ဒါမျိုး မဖြစ်ခဲ့ဘူး” လို့ မတ် ၁၉ ရက်က နယူးယောက်မြို့တော်ခန်းမမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
“ရဲဌာနမှာ ရှိစဉ်တုန်းက ဒီလူနဲ့တွေ့ဖူးတာ မမှတ်မိဘူး” လို့လည်း သူက ဆက်ပြောပါတယ်။
သူက ဆယ်စုနှစ်ချီ ပြည်သူ့ဝန်ကို ထမ်းဆောင်ခဲ့တဲ့ အကြောင်းတွေကိုလည်း အရှည်ကြီး ပြောခဲ့ပါတယ်။
“ရဲတွေရဲ့ အလွဲသုံးစားကိစ္စတွေ တိုက်ဖျက်ရေးအတွက် လုပ်ရုံသာမက လူအခွင့်အရေးအတွက်ပါ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ကျနော်ဟာ အပြောအဆိုအများဆုံးထဲက တယောက်ပါ။ ကျနော့်ဘဝဟာ အဲဒါကို ရည်စူးပြီး ကတိပြုခဲ့ပါတယ်” လို့လည်း မြို့တော်ဝန်က ပြောခဲ့ပါတယ်။
မြို့တော်ဝန်နဲ့ စွပ်စွဲသူ ဝန်ထမ်းနှစ်ဦးစလုံးက မြူနီစီပါယ် ယာဉ်ထိန်းရဲဗျူရိုမှာ အလုပ်အတူ လုပ်နေချိန် ရန်လိုတဲ့ ရုံးခန်းအသိုင်းအဝိုင်းကို သွားရချိန်မှာ အကူအညီတောင်းဖို့ အဒမ်ဆီ သွားရင်း ဖြစ်တာလို့ စွပ်စွဲထားပါတယ်။
မန်ဟက်တန်ရပ်ကွက်က နယူးယောက်ပြည်နယ် တရားရုံးမှာ စာမျက်နှာ ၂၆ မျက်နှာပါတဲ့ တိုင်ကြားချက်တခုမှာ လော်နာ ဘိချ် မာသူရာဟာ အဲဒီအချိန်က အရာရှိတဦးဖြစ်တဲ့ အဒမ်ဟာ ဟတ်ဆန်မြစ်ဘေးမှာ ရပ်ထားတဲ့ သူ့ကားထဲမှာ စော်ကားခဲ့တာလို့ စွပ်စွဲထားပါတယ်။
သူဟာ အဒမ့်ကို ယုံကြည်ခဲ့ပြီး လူမည်းဝန်ထမ်းတွေကို တန်းတူညီမျှမှုနဲ့ တရားမျှတစွာ ဆက်ဆံမှုကို အားပေးတဲ့ ညီအစ်ကိုအဖွဲ့ဖြစ်တဲ့ NYPD Guardians Association ခေါင်းဆောင်အဖြစ် အဲဒီအချိန်က ရဲဌာနအရာရှိတဦးနဲ့ ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့လို့ အကူအညီ တောင်းခံခဲ့တာလို့လည်း တရားရုံးစွဲချက်ထဲမှာ ဖော်ပြထားပါတယ်။
အဒမ်ကတော့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်လို့ မြို့တော်ရှေ့နေတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters