တောင်အာဖရိက စုံစမ်းစစ်ဆေးသူတွေဟာ အဂတိလိုက်စားမှု စုံစမ်းရေးရဲ့ တစိတ်တပိုင်း အနေနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နိုဗစ်ဆစ်ဗ် မာပီဆာ ငါးကူးလာရဲ့ နေအိမ်ကို မတ် ၁၉ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ လွှတ်တော်က ပြောပါတယ်။
အမျိုးသားတရားစွဲဆိုရေး အာဏာပိုင်အဖွဲ့ (NPA) စုံစမ်းစစ်ဆေးရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ စစ်ဆင်ရေးဟာ လွှတ်တော်ဥက္ကဋ္ဌရဲ့ သူ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်အတွင်း အဂတိလိုက်စားမှု စွပ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ပါလီမန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျိုဟန်နက်စ်ဘာ့ဂ်မှာ နေထိုင်တဲ့ မာပီဆာ-ငါးကူးလာဟာ သူ ကာကွယ်ရေးဝန်ကြီး ဖြစ်နေချိန်က စစ်တပ်ကန်ထရိုက်တာတဦးဆီကနေ လာဘ်ငွေအဖြစ် ရန်ပုံငွေ သန်းပေါင်းများစွာကို ငွေသားနဲ့ လက်ခံရရှိခဲ့တယ်လို့ သံသယရှိကြောင်း တောင်အာဖရိက နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန SABC က ထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးမှု သို့မဟုတ် အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်တဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ လွှတ်တော်နဲ့ NPA တို့က ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ သူ့ကို ဘာစွဲချက်တင်မယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အာဏာရ အာဖရိကန် အမျိုးသားကွန်ဂရက်မှာ ဝါရင့်သမ္ဘာရင့် ပုဂ္ဂိုလ် မာပီဆာ-ငါးကူးလာ ဟာ တောင်အာဖရိကရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။
Source/Photo-Reuters