Home
မြန်မာသတင်း
နေပြည်တော်သင်္ကြန်၌  KPop အဖွဲ့ ငှားရမ်းဖျော်ဖြေမည့်ကိစ္စ တပ်မိသားစုများ ဝေဖန်
DVB
·
March 20, 2024
nay 2032024

တိုက်ပွဲဖြစ်ပွားရာဒေသတွေက အရာရှိ စစ်သည်နဲ့ ဝန်ထမ်းတွေကို စစ်ခေါင်းဆောင်က ထောက်ပံ့မပေးဘဲ နိုင်ငံတကာမှာ မျက်နှာရစေဖို့ နေပြည်တော်သင်္ကြန်ကို Kpop အဖွဲ့ ငှားပြီး စည်ကားစွာကျင်းပမယ့်ကိစ္စကို တပ်မိသားစုဝင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ဒီနှစ်မှာ နေပြည်တော်သင်္ကြန်ပွဲတော်ကို အရင်နှစ်ကထက် ထူးခြားစွာ တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နဲ့ လူငယ်သင်္ကြန်စတဲ့ ဇုန်လေးခုနဲ့ ပြုလုပ်သွားမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ခြေလျင်ခြေမြန် တပ်ရင်းတွေမှာ ဝေဖန်မှုတွေ ထွက်လာတာပါ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းတခုမှ ရဲမေတဦးက “စစ်တပ်က တိုက်ပွဲမှာ သေတဲ့သူရော ပြေးလာရတဲ့သူရော ဘာမှကို မကူညီတာ၊ ကျမယောကျ်ားဆို သေလား ရှင်လား မသိဘူး။ ရမခကို စာတင်ထားတာ ပျောက်နေတယ် ပြောတယ်။ လစာကျတော့ နမခက ထုတ်သုံးနေတယ်။ အခုချိန်မှာ ပျော်ရမယ့်အချိန် မဟုတ်ဘူး။ အဲ့ဒါတွေ ကုန်မယ့်အစား တိုက်ပွဲမှာ သေတဲ့သူတွေ၊ ဒဏ်ရာရတဲ့ ထွက်ပြေးနေရတဲ့သူတွေ ကူညီပေးရမှာ။ နိုင်ငံတကာမှာ မျက်နှာရဖို့ထက် တပ်တွင်းယုံကြည်မှုကို တည်ဆောက်ရမှာ” လို့ ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းမှ ခွာစစ်ဆင်လာတဲ့ ခြေလျင် ခြေမြန် တပ်ရင်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေမှာ မိမိအစီအစဥ်နဲ့ နေထိုင်ရကာ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

အရာရှိ၊ စစ်သည်တွေကသာ အသက်အသေခံပြီး တိုက်ပွဲဝင်နေပေမဲ့ စစ်ခေါင်းဆောင်နဲ့ အဖွဲ့မှာ နေထိုင်စားသောက်မပျက် ရှိနေပြီး လက်အောက်ငယ်သားတွေကို ဂရုစိုက်ခြင်းမရှိကြောင်း ရခိုင်ပြည်နယ်မှ စစ်ရှောင်လာတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

“ကျောက်တော်တိုက်ပွဲမှာ အဖေသေသွားတော့ အမေရော ကျနော်တို့ရော နေစရာမရှိဘူး၊ ထွက်ပြေးလာရတယ်။ အမ်းစစ်ဌာနချုပ်ကို အကြောင်းကြားတယ်၊ ဘာမှအကြောင်းမပြန်ဘူး။ သေချင်သေ မသေချင် နေတဲ့ပုံစံမျိုး။ ကျောက်တော်မှာ ထိုင်စရာရုံးမရှိလို့ ကိုယ်ပြောင်းလာတဲ့ မြို့နယ်မှာလည်း ရုံးမတွဲပေးဘူး။ ဒါပေမဲ့ နေပြည်တော်မှာ သင်္ကြန်လုပ်ရင် တပ်ကသူတွေ အကုန်သွားရတယ်။ ပြောချင်တာ ဒီအချိန်မှာ ဘယ်သူမှမပျော်ဘူး၊ စစ်ထဲမှာရှိနေတဲ့သူတွေတောင် မပျော်တော့ဘူး။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ကောင်စီပြန်ကြားရေးဝန်ကြီးရုံးမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်သင်္ကြန်ပွဲတော်ကို ကိုရီးယားနိုင်ငံက K-pop အနုပညာရှင်တွေ ငှားရမ်းပြီး ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေနဲ့ မိဘတွေဟာ စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းနေရပြီး ဧရာဝတီတိုင်းမှာ စစ်မှုထမ်းရမှာစိုးလို့ မိမိကိုယ်ကို အဆိပ်သောက်သူတွေတောင် ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013