ဖင်လန်နိုင်ငံဟာ မတ် ၂၀ ရက်က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာထဲမှာ ထိပ်ဆုံးနေရာမှာ နောက်တခါ ရပ်တည်နေပါတယ်။
နိုင်ငံတနိုင်ငံရဲ့ တနိုင်ငံလုံး ပျော်ရွှင်မှုကို ဆုံးဖြတ်ဖို့ လူမှုထောက်ပံ့မှု၊ ဝင်ငွေ၊ ကျန်းမာရေး၊ လွတ်လပ်မှု၊ ရက်ရောမှုနဲ့ အကျင့်ပျက်ခြစားမှု မရှိတာတွေကို စစ်တမ်းကောက် တိုင်းတာပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ထားတာပါ။
ဖင်လန်ဟာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံစာရင်းမှာ ၇ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒိန်းမတ်နဲ့ အိုက်စလန်တို့က အနီးကပ် လိုက်နေပါတယ်။
လူတဦးချင်းစီရဲ့ ပျော်ရွှင်မှုကို အထောက်အကူဖြစ်စေတဲ့ အချက်တွေက တဦးချင်းဝင်ငွေ၊ စည်းစိမ်ဥစ္စာ ခွဲဝေမှု၊ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ကျန်းမာတဲ့သက်တမ်းတို့ ဖြစ်တယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ် လူမှုဖူလုံရေး သုတေသနဌာန ဒါရိုက်တာနဲ့ ကမ္ဘာ့ပျော်ရွှင်ခြင်း အစီရင်ခံစာကို တည်းဖြတ်သူ ပါမောက္ခ ယန်း အီမန်နျူယယ် ဒီနီးဗ် တို့က ပြောပါတယ်။
အစီရင်ခံစာအရ နော်ဝေ၊ ဆွီဒင်၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နဲ့ စပိန်တို့မှာ ငယ်ရွယ်သူတွေထက် လူကြီးတွေက ပိုပျော်နေကြပေမဲ့ ပေါ်တူဂီနဲ့ ဂရိတို့က ဆန့်ကျင်ဘက်ပုံစံကို ပြသနေပါတယ်။
အသက် ၁၅ ကနေ ၂၄ နှစ်ကြား လူငယ်တွေရဲ့ ပျော်ရွှင်မှုဟာ မြောက်အမေရိကမှာ သိသိသာသာ ကျဆင်းသွားခဲ့ပြီး ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာတော့ အကြီးမားဆုံး တိုးလာတာကို တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့မှာ ပျော်ရွှင်မှု ကျဆင်းသွားတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး လူလတ်ပိုင်းအရွယ် အုပ်စုတွေက လူကြီးနဲ့ လူငယ်တွေထက် ပိုပြီး ပျော်ရွှင်မှုနည်းနေတယ်လို့ သိရပါတယ်။
စစ်ဒဏ်ခံနေရတဲ့ အာဖဂန်နစ္စတန်နဲ့ လက်ဘနွန်နိုင်ငံတို့က စစ်တမ်းထဲမှာ မပျော်ရွှင်ဆုံးနိုင်ငံ နှစ်နိုင်ငံအဖြစ် ကျန်ရှိနေပါတယ်။ မြန်မာနိုင်ငံကတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၃ နိုင်ငံမှာ အဆင့် ၁၁၈ နိုင်ငံမြောက်မှာ ရပ်တည်နေပါတယ်။
ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ပဏာမခြေလှမ်းဖြစ်တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖြေရှင်းချက်ကွန်ရက်က ပထမဆုံး ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာကို ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။
Source/Photo-Reuters