Home
မြန်မာသတင်း
မန္တလေးတွင် စစ်သားသစ်စုဆောင်းရန်လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရ
DVB
·
March 19, 2024
man 1932024

မန္တလေးမြို့မှာ စစ်သားသစ်စုဆောင်းဖို့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ စကြာနွယ်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲကို မတ် ၁၈ ရက်က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Mandalay UG Wolf ARMY ထံက သိရပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၇၄ လမ်းနဲ့ ၃၇လမ်းပေါ်မှာ ရှိတဲ့ စကြာနွယ်စဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲမှာ နားနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ အဆိုပါ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

Mandalay UG Wolf ARMY မှ ဗိုလ်လျက်ဆားက “ပြည်သူလူထုကို အတင်းအဓမ္မ အမျိုးမျိုး စိတ်ဒုက္ခပေး စစ်မှုထမ်းခိုင်းတာကို ဆက်လက်မလုပ်ဆောင်နိုင်အောင် အထူးသတိပေးလိုက်တဲ့ ရည်ရွယ်ချက်ပါ” လို့ ပြောပါတယ်။

အဆိုပါရပ်ကွက်နေ ပြည်သူတွေကို စစ်သားသစ်စုဆောင်းဖို့ လှုံ့ဆော်စာရွက်တွေ လိုက်လံ ဝေပေးပြီး စကြာနွယ်စဉ် ရုံးအဝင်ပေါက် ရုံးလမ်းကြားထဲမှာ စကြာနွယ်စဉ် အုပ်ချုပ်ရေးမှူးနဲ့ အတူတူ နားနေစဉ် Mandalay UG Wolf ARMY ရဲဘော်တွေက ဗုံးသီးတလုံး ပစ်သွင်းခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်လျက်ဆားက“ခုချိန် ရပ်တန်းက ရပ်ပါလို့၊ ကိုယ့်မိသားစုနဲ့အတူတူ အေးဆေးနေချင်သေးရင်‌‌ မီပါသေးတယ်လို့။ အဲ့လိုမှ မရပ်တန့်ဘဲ စခတွေနဲ့အတူ ဆက်လက်ပါဝင် ကူညီပေးမယ်ဆို ကျနော်တို့အဖွဲ့ကလည်း လုပ်စရာရှိတာ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိခဲ့ပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဗိုလ်လျက်ဆားက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းဖို့ တအိမ်တက်ဆင်း စာရင်းကောက်ယူတာ၊ ခြိမ်းခြောက်တာ၊ ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024