အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတွေကို တိုက်ခိုက်တဲ့အတွက် အစ္စရေး အခြေချနေထိုင်သူတွေနဲ့ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့မှ ဟားမတ်စ်အဖွဲ့ဝင်တွေကို ပိတ်ဆို့အရေးယူမှုတွေ ထပ်မံထည့်သွင်းဖို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေက မတ် ၁၈ ရက်မှာ မူအရ သဘောတူခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ခြေရာအတိုင်း EU အဖွဲ့ဝင် ၂၇ နိုင်ငံဟာ အကြမ်းဖက် အစ္စရေး အခြေချနေထိုင်သူတွေကို ပိတ်ဆို့အရေးယူဖို့ ပထမဆုံး သဘောတူညီခဲ့ကြတာပါ။
ဒီအစည်းအဝေးမှာပဲ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ သေဆုံးမှုအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့လည်း ဝန်ကြီးတွေက သဘောတူညီခဲ့ကြပါတယ်။
အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ပိတ်ဆို့အရေးယူမှု အောက်မှာရှိတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၃၀ လောက်ကို ပိတ်ဆို့အရေးယူဖို့ EU အဖွဲ့ဝင် ၂၇ နိုင်ငံက ဝန်ကြီးတွေ သဘောတူခဲ့ကြောင်း EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရဲလ် က ပြောကြားခဲ့ပြီး အဲဒီ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကိုတော့ အမည်မဖော်ထုတ်ပြထားပါဘူး။
ဒါ့အပြင် ဝန်ကြီးတွေဟာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ရရှိတဲ့ ဝင်ငွေတွေကိုလည်း ယူကရိန်းကို ကူညီဖို့အတွက် အခိုင်အမာထောက်ခံကြောင်း ဘော်ရဲလ်က ပြောကြားခဲ့ပါတယ်။
အဲဒီငွေတွေကို စစ်ရေးပိုင်းမှာ ဥရောပ ငြိမ်းချမ်းရေး အထောက်အကူပြု အရင်းအမြစ်တွေကို တိုးမြှင့်ဖို့နဲ့ ယူကရိန်း ကာကွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီဖို့ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
Source/Photo-Reuters