Home
မြန်မာသတင်း
မြန်မာလုပ်သား ဇနီးမောင်နှံ ထိုင်းထီ ပထမဆုပေါက်၊ ဘတ်ငွေ ၆ သန်းရရှိ 
DVB
·
March 19, 2024
ThaiLotteryFristPrice997626_19032024

ထိုင်းနိုင်ငံမှာ မတ် ၁၆ ရက်နေ့က ထွက်သွားတဲ့ အောင်ဘာလေထီပေါက်ဂဏန်း ပထမဆု ၉၉၇၆၂၆ ကို ထိုင်းရောက် မြန်မာလုပ်သားဇနီးမောင်နှံ ကံကောင်းစွာ ပေါက်သွားပါတယ်။ 

အဆိုပါ ဇနီးမောင်နှံမှာ ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်က စက်ရုံ အလုပ်ရုံ လုပ်သားတွေ ဖြစ်ပြီး ထီပေါက်တာသိသိချင်း MHAC အလုပ်သမားကူညီရေးအဖွဲ့ထံ အကြောင်းကြားလာတယ်လို့ MHAC မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့အဖွဲ့အစည်းက ထီပေါက်တဲ့ အလုပ်သမားတွေကို ဘေးကင်းလုံခြုံစွာ ဆုငွေထုတ်နိုင်အောင် ကူညီပေးနေတယ်လို့ သိထားတော့ ထီပေါက်တာသိသိချင်း အကြောင်းကြားလာပါတယ် ခင်ဗျ။ ကျနော်တို့လည်း သူတို့ကိုသွားကြိုလာပြီး လုံခြုံတဲ့နေရာမှာ နေရာချထားပေးတယ်။ ဒီကြားထဲ စနေ၊ တနင်္ဂနွေဖြစ်နေတော့ ဆုငွေကို မနေ့ကမှ ဘန်ကောက် ကရုန်းထိုင်းဘဏ်ကြီးမှာ သွားထုတ်ပေးခဲ့ပါတယ်။ အခွန်တွေဘာတွေဆောင်ပြီး မြန်မာပြည်ကို ငွေလွှဲတာတွေပါ တခါတည်းလုပ်ပေးခဲ့ပါတယ်။”

သူတို့ဇနီးမောင်နှံဟာ ထီကိုအပတ်တိုင်းထိုးတာမဟုတ်ဘဲ အလျဉ်းသင့်သလိုသာ ဝယ်လေ့ရှိကြောင်း၊  အခု ပထမဆုပေါက်တဲ့ ထီလက်မှတ်ကိုလည်း ဈေးသွားရင်းနဲ့ ဝယ်ခဲ့တာဖြစ်တယ်။  ပထမဆုပေါက်တဲ့အတွက် အလွန်ဝမ်းသာတယ်၊ MHAC မဟာမိတ်အဖွဲ့က ကူညီစောင့်ရှောက်ထားတဲ့ အခက်အခဲရှိ အလုပ်သမားတွေကို ထောက်ပံ့ကူညီဖို့ အလှူငွေတွေလည်း ပြန်ထည့်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထီပေါက်တဲ့ မြန်မာလုပ်သားဇနီးမောင်နှံမှာ အသက် ၄၅ ပတ်ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဘက်က ဖြစ်ပါတယ်။ သားသမီးတွေကို အဘိုးအဘွားတွေနဲ့ ထားခဲ့ပြီး ထိုင်းမှာ အလုပ် လာလုပ်တာ ၁၀ နှစ်ခန့်ရှိပါပြီ။ အခုလို ထီပေါက်တော့ ယခင်စက်ရုံကိုမပြန်တော့ဘဲ မြန်မာပြည်ပြန်ပြီး အခြေချနေထိုင်တော့မယ်လို့ ဆိုပါတယ်။ 

MHAC မဟာမိတ်အဖွဲ့ (ယခင် AAC မဟာမိတ်အဖွဲ့) ဟာ အလုပ်သမားအရေးဆောင်ရွက်စဉ်  ထိုင်းထီ ပထမဆုပေါက်တဲ့ မြန်မာလုပ်သားတွေကို ဆုငွေကူထုတ်ပေးခဲ့တာ ၄၉ ဦး ရှိသွားပြီဖြစ်ကြောင်း၊ အဲဒီထဲမှာ ပထမဆု နှစ်စောင်တွဲ (ဘတ် ၁၂ သန်း) ပေါက်သူမှာ ၅ ဦးရှိတယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013