Home
နိုင်ငံတကာ
ရွေးကောက်ပွဲပြိုင်ဘက် ၃ ဦးနှင့် သမ္မတ ပူတင် တွေ့ဆုံ
DVB
·
March 19, 2024
Putin meets his three presidential campaign rivals

ရုရှားသမ္မတရွေးကောက်ပွဲမှာ မဲ ၈၇ ဒသမ ၂၈ ရာခိုင်နှုန်းနဲ့ အနိုင်ရထားတဲ့ လက်ရှိသမ္မတ ဗလာဒီမာပူတင်ဟာ မတ် ၁၈ ရက်မှာ စုစုပေါင်း မဲရလဒ် ၁၁ ဒသမ ၃၆ ရာခိုင်နှုန်း ရခဲ့တဲ့ သူ့ပြိုင်ဘက်သုံးဦးကို တွေ့ဆုံခဲ့ပါတယ်။

ကွန်မြူနစ်ဝါဒီ နီကိုလိုင်ခါရီတိုနော့ဗ်၊ လီယိုနစ်စလပ်စကီ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ် ဆက်ခံသူ ဗလာဒီမီယာ ယီရီနော့ဗ်စကီနဲ့ ပြည်သူသစ်ပါတီက ဗလာဒီဆလာ့ဗ် ဒါဗန်ကော့ဗ်တို့က ပူတင်ကို အောင်မြင်မှုအတွက် ချီးကျူးခဲ့သလို ပူတင်ကလည်း သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

သက်ဆိုင်ရာ စည်းရုံးရေးကာလအတွင်းမှာ ပြိုင်ဘက်ဟောင်းသုံးဦး မြင်တွေ့ ကြားသိခဲ့ရတာတွေကို ပြောပြပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ ကာကွယ်ရေး၊ နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အချုပ်အခြာအာဏာ ခိုင်မာစေရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ပူတင်က အဖွင့်အမှာစကား ပြောခဲ့ပါတယ်။

အစိုးရနဲ့ လွှတ်တော်တို့က ဝင်ငွေခွန်စနစ်သစ်ကို စကျင့်သုံးတော့မယ်လို့လည်း သူက သတိပေးပါတယ်။

ဝင်ငွေမခွဲခြားဘဲ ၁၃ ရာခိုင်နှုန်း ဝင်ငွေခွန်ကောက်တဲ့ လက်ရှိအခွန်ကောက်စနစ်က ၂၀၀၁ ခုနှစ်မှာ အသက်ဝင်ခဲ့တာပါ။

နှစ်ပတ်လည်မိန့်ခွန်းထဲမှာ ပူတင်က တိုးတက်တဲ့ အခွန်ကောက်ခံမှုစနစ်ကို ပြောင်းဖို့ အဆိုပြုခဲ့ပါတယ်။

ဒီအယူအဆကို ရုရှားကွန်မြူနစ်တွေက ကာလကြာရှည် ထောက်ခံခဲ့ပြီး အခုတော့ တခြားအဖွဲ့တွေကပါ ထောက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

အခွန်ကောက်ခံမှုစနစ်သစ်ဟာ အနည်းဆုံး ခြောက်နှစ်အထိ တည်ငြိမ်နေသင့်တယ်လို့လည်း ပူတင်က ပြောပါတယ်။

ဒါဟာ ၂၀၂၀ ခုနှစ်မှာ ပူတင်ရဲ့ မက်လုံးပေးမှုနဲ့ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကနေ ပံ့ပိုးပေးထားတဲ့ သမ္မတသက်တမ်းနဲ့ ညီမျှနေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013