Home
မြန်မာသတင်း
သထုံတွင် ကားမှောက်ပြီး ဦးဇင်းနှင့်ကိုရင်များ အပါအဝင် ၈ ဦးဒဏ်ရာရ
DVB
·
March 19, 2024
Acc 1932024

မွန်ပြည်နယ်၊ သထုံမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မတ် ၁၉ ရက်က ယာဉ်တိမ်းမှောက်ပြီး ဦးဇင်းနှစ်ပါး၊ ကိုရင်သုံးပါးနဲ့ လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အကြင်နာတွဲလက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သထုံမြို့အထွက် မြေနီကုန်း မိုးမခထမင်းဆိုင်ရှေ့ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မတ် ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က ရှေ့မှာမောင်းနေတဲ့ ဟိုက်ဂျက်ကားအမိုး ပြုတ်ကျတာကို ရှောင်ရင်း သံဃာတော်တွေ တင်ဆောင်လာတဲ့ လိုက်ထရပ်ကား တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ သံဃာနဲ့ လူ ၁၆ ဦးထဲက ဦးဇင်းနှစ်ပါး၊ ကိုရင်သုံးပါး၊ အမျိုးသားတဦး၊ အမျိုးသမီးတဦးနဲ့ လသားရွယ် ကလေးတဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အကြင်နာတွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “သထုံမြို့အထွက်မှာ ‌အရှေ့ကသွားနေတဲ့ ဟိုက်ဂျက်ကားပေါ်က အမိုးပြုတ်ကျတာကို ရှောင်ပြီး မှောက်သွားတာပါ။ ကားပေါ်မှာက သံဃာ ၁၃ ပါးနဲ့ လူသုံးဦး ပါတဲ့ထဲက သံဃာငါးပါးနဲ့ လူသုံးဦး ဒဏ်ရာရတယ်။ ကလေးကတော့ တလခွဲလောက်ပဲ ရှိသေးတာ။ ဒဏ်ရာအခြေအနေတွေကတော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေကို အကြင်နာတွဲလက် ကားနှစ်စီးနဲ့ သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီ ၁၅ ရက်ကလည်း သထုံမြို့နယ်၊ ကျိုက္ကော်မြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ တွဲကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ပရိုဘောက်ပေါ် လိုက်ပါလာတဲ့ ခုနှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013