အာဂျင်တီးနားနိုင်ငံမှာ သမဂ္ဂတွေနဲ့ လက်ဝဲအုပ်စုတွေဟာ သမ္မတ ဟာဗီးယားမီလေ့ အစိုးရရဲ့ လူမှုရေးအသုံးစရိတ် ဖြတ်တောက်မှုကို ကန့်ကွက်ဖို့အတွက် မတ် ၁၈ ရက်က ချီတက် ဆန္ဒပြခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဗျူနိုအေရီးစ်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေဟာ ဆန္ဒပြသူတွေရဲ့ ချီတက်ရာ လမ်းကြောင်းတွေကို ပိတ်ဆို့ကာ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပက်ဖျန်းပြီး သူတို့တွေကို ရှေ့မတိုးဖို့ တားဆီးခဲ့ကြပါတယ်။
သမဂ္ဂခေါင်းဆောင် ဟူးဂိုး ဂိုဒွိုင်းက “ဒီနေ့မှာတော့ အာဂျင်တီးနားနိုင်ငံသား ၆ သန်းကျော် ခံစားနေရတဲ့ ဒီပိုဆိုးလာတဲ့ စားနပ်ရိက္ခာ အကျပ်အတည်းကို တုံ့ပြန်ဖို့ အစိုးရကို ထပ်ပြီး တောင်းဆိုဖို့ အတူချီတက်လာခဲ့တာပါ” လို့ ပြောပါတယ်။
ပြည်သူတွေရဲ့ မီးဖိုချောင်အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးဖို့ အစိုးရမှာ လူသားဆန်မှု တလက်မတောင် မရှိပါဘူး။ ပြည်သူတွေရဲ့ နာကျင်မှုကို သူတို့ကျေနပ်နေကြသလိုပဲလို့လည်း ဆိုပါတယ်။
အစိုးရသစ်က တင်းတင်းကျပ်ကျပ် ခြိုးခြံချွေတာတဲ့ အစီအမံတွေကို ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ အာဂျင်တီးနားလုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာ ဘူးလ်ရစ်ချ်က ဆန္ဒပြ ပိတ်ဆို့ထားမှုတွေကို အင်အားသုံး ဖယ်ရှားတော့မှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ်။
များပြားလှတဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ လစ်ဘရယ်ဝါဒီ သမ္မတ မီလေ့ဟာ နိုင်ငံတော်အသုံးစရိတ်ကို အနာခံ ဖြတ်ချခြင်း၊ ထောက်ပံ့ကြေးတွေကို ချုံ့ပစ်ခြင်းနဲ့ အများပြည်သူ ကဏ္ဍမှာလည်း လျှော့ချဖြတ်တောက်ခြင်းတွေ အပါအဝင် ခြိုးခြံခြွေတာရေး အစီအမံတွေကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters