မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်မြို့မှာ မိုင်းခွဲဖျက်ဆီးခံရတဲ့ ပေါင်းကူးတံတား အောက်ခံဘောင်နဲ့ ရထားသံလမ်းကို ပြန်လည်ပြုပြင်နေတဲ့အဖွဲ့ မတ် ၁၉ ရက်က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သထုံမြို့နယ်၊ ကျိုက္ကော်မြို့၊ မိုးကောင်းကျေးရွာအနီး သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ မတ် ၁၈ ရက်က မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျောက်တင်ရထားနဲ့ ရထားလမ်းပေါင်းကူးတံတား ပြုပြင်နေတဲ့အဖွဲ့ကို မတ် ၁၉ ရက် မနက် ၉ နာရီကျော်က ဒရုန်းဗုံးသုံးလုံး တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒရုန်းဗုံးသီးဟာ ပြုပြင်နေတဲ့ ရထားပေါင်းကူးတံတားရဲ့ ညာဘက်ရှိ ရော်ဘာခြံထဲ ကျသွားပြီး ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ မိုးကောင်းရွာခံတဦးက ပြောပါတယ်။
“ရထားနဲ့ တံတားပြင်နေတဲ့အဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်တာ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်။ ဒရုန်းနဲ့ တိုက်ခိုက်တဲ့အချိန်မှာ စစ်သားတွေရှိမရှိ မသိပေမဲ့ ခုတော့ စစ်သားတွေရောက်နေပြီ။ အလုပ်သမားတွေ မလုပ်ရဲတော့လို့ ရထားလမ်းပြင်တာ ခဏနားထားတယ်ကြားတယ်။”
ရထားလမ်းပြုပြင်နေတဲ့အဖွဲ့ကို ဒရုန်းနဲ့ ဘယ်အဖွဲ့အစည်းက ဘာကြောင့် တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကျောက်တင်ရထား မိုင်းထိပြီး ရထားလမ်း ပေ ၂၀ နဲ့ အောက်ခံဘောင်တို့ ပျက်စီးခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို မတ် ၁၉ ရက်ကစပြီး ယာယီဖျက်သိမ်းကာ ကြိုတင်လက်မှတ်ဝယ်ထားသူတွေကို ငွေပြန်အမ်းပေးသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။