မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွေးရွာက မြင့်မြတ်သောနှလုံးသား ပရဟိတအသင်းရုံးကို စစ်ကောင်စီတပ်က မီးရှို့ကာ ကျေးရွာကို စီးနင်းပြီး အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၈ ရက် မနက် ၉ နာရီလောက်မှာ မတ္တရာမြို့ထဲက အင်အား ၁၀၀ ကျော်နီးပါးရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ရွေးရွာထဲ ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။
မြင့်မြတ်သောနှလုံးသား ပရဟိတအသင်းရုံးခန်းနဲ့ အသင်းပိုင်ကား တစီးကိုမီးရှို့ခဲ့ပြီး နောက်ထပ် ကားတစီးကိုတော့ စစ်ကောင်စီတပ်သားတွေက ယူဆောင်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးနဲ့ အသက် ၃၀ အရွယ်တခြားအမျိုးသမီး တဦးလည်း ဦးခေါင်းနဲ့ ခြေဖနောင့်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
ပရဟိတအသင်းရုံးအနီးနားက ရွာခံအမျိုးသမီး နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က မတ္တရာမြို့ ဘုရင့်နောင်ခန်းမကို ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ မလွတ်မြောက်သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။
ဒေသခံ တဦးက“ပရဟိတ အသင်းရုံးကို ရိုက်ဖျက်ပြီး မီးရှို့သွားတယ်ဗျ၊ ကားတစီးကို ရိုက်ခွဲပြီးတော့ တစီးကိုတော့ ယူသွားတယ်။ ရုံးခန်းကိုမီးရှို့သွားတာဗျ၊ အမျိုးသမီးငယ် တဦးနဲ့ အမျိုးသမီးကြီး တဦးကိုတော့ ရွှေထီးခန်းမထဲ ဖမ်းသွားတယ်၊ ရုံးကအဖွဲ့ဝင်ကတော့ ထွက်ပြေးတာလွတ်သွားတယ်။ တော်လှန်ရေးဘက်ကိုပါလို့ အဲ့ဒီရုံးကို မီးရှို့တယ်လို့တော့ ကျနော်တို့ သုံးသပ်တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မြင့်မြတ်သောနှလုံးသား ပရဟိတအသင်းရဲ့ ရုံးခန်းနဲ့ ကားအပြင် ပြည်သူ့ နေအိမ် တလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။