ဂါဇာကမ်းမြောင်ဒေသက အယ်လ်ရှီဖာ ဆေးရုံဝင်းကို အစ္စရေးတပ်ဖွဲ့ဝင်တွေက မတ် ၁၈ ရက် အစောပိုင်းမှာ ဝင်စီးခဲ့တာကြောင့် ဟားမတ်စ်သေနတ်သမား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေကတော့ ဆေးရုံဝင်းအတွင်း စစ်ဆင်ရေးတခုမှာ လူအများအပြား သေဆုံးပြီး အဆောက်အအုံတခု အပြင်းအထန် မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီဆေးရုံကို ဟားမတ်စ်ခေါင်းဆောင်တွေက ပြန်သုံးနေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အခြေခံပြီး ခြေလျင်တပ်တွေ၊ တင့်ကားတွေနဲ့ ပံ့ပိုးထားတဲ့ အထူးတပ်ဖွဲ့တွေဟာ တိကျခိုင်မာတဲ့ စစ်ဆင်ရေးကို ဆင်နွှဲခဲ့တယ်၊ ဆေးရုံဝင်းထဲ ဝင်ဝင်ချင်း ပစ်ခတ်ခံရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
“အကြမ်းဖက်သမားလို့ သံသယရှိသူ ၂၀၀ ကျော်ကို ကျနော်တို့ ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။ ဆေးရုံဝင်းအတွင်း အကြမ်းဖက်သမား ၂၀ ကျော်ကို ဖယ်ရှားခဲ့ပါတယ်” လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သားတဦး သေဆုံးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ဟားမတ်စ်က ဆေးရုံမှာ သူ့ရဲ့ အခြေစိုက်စခန်းကို ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်သမားတွေရဲ့ ခိုလှုံရာအဖြစ် သုံးခဲ့ပါတယ်။ ဒါကို ခွင့်မပြုဘဲ ဟားမတ်စ်ရဲ့ ချုပ်ကိုင်မှုကို ပြန်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ ဘယ်နေရာကိုမဆို ဆက်တိုက်ခိုက်သွားမှာပါ” လို့လည်း ဟာဂါရီက ပြောပါတယ်။
“ဟားမတ်စ် ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဖာအစ် မာဘူအာ သေဆုံးတာကို အတည်ပြုနိုင်ပြီး သူက ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ် အကြမ်းဖက်လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်” လို့ အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ အာဗီ ဟိုင်မဲန်က ပြောခဲ့ပါတယ်။
စစ်ပွဲမတိုင်မီက ဂါဇာကမ်းမြောင်ရဲ့ အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ်လ်ရှီဖာဟာ ခုတော့ နယ်မြေမြောက်ဘက်မှာ တစိတ်တပိုင်း လည်ပတ်နေတဲ့ တခုတည်းသော ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတွေထဲက တခုဖြစ်ပြီး ရာချီတဲ့ အိုးအိမ်မဲ့ အရပ်သားတွေ ခိုလှုံနေပါတယ်။
Source/Photo-Reuters