ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ ရပ်ကွက်တချို့မှာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းစာရင်း ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းစာရင်းပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးခေါ် အသိပေးပြီး အသက်မီတဲ့ အမျိုးသမီးတွေပါ စာရင်းပေးရမယ်ဆိုပြီး ပြောတယ်လို့ နေပြည်သူတချို့က ပြောပါတယ်။
မှော်ဘီမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာနေပြည်သူတဦးက “အသက် ၂၇ အထိ အမျိုးသမီးတွေပါ စာရင်းပေးဖို့ပြောတယ်။ ရာအိမ်မှူးအိမ်ကို အိမ်ထောင်စုစာရင်းပြပြီး စာရင်းပေးရတယ်။ စာရင်းမပေးရင် အရေးယူခံရမယ်လို့လည်း ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။
အသက် ၁၈ ကနေ ၂၇ နှစ်အထိ အိမ်ထောင်မရှိသူ၊ အိမ်ထောင်ပျက်ပြီး ကလေးမရှိသူ အမျိုးသမီးတိုင်း စာရင်းပေးရမယ်ဆိုပြီး အကျပ်ကိုင်တာတွေရှိနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
မှော်ဘီမြို့ခံပြည်သူတဦးက “စာရင်းကောက်နေတာက ရပ်ကွက်တခုနဲ့ တခုလည်းမတူဘူး။ တချို့ရပ်ကွက်တွေကြတော့ လဝက ရုံးကနေပေးတဲ့ စာရင်းနဲ့ကို အကြောင်းကြားခေါ်တာရှိတယ်။ အမျိုးသမီးတွေပါ ထည့်ခေါ်တဲ့ ရပ်ကွက်တွေရှိတယ်လို့လည်း ကြားတယ်” လို့ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကိုပဲ ဆင့်ခေါ်မှာဖြစ်ပြီး အမျိုးသမီးတွေကို မခေါ်သေးဘူးလို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ အမျိုးသမီးတွေရဲ့စာရင်းတွေပါ ကောက်ယူနေတာကြောင့် ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
အခုလို မှော်ဘီမြို့နယ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူငယ်တွေစာရင်း ကောက်ယူနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ အဲဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။
အဲဒီလို စစ်မှုထမ်းစာရင်းကောက်ယူနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သတင်းပေးပို့ အကြောင်းကြားတိုင်ကြားနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။