Home
နိုင်ငံတကာ
အမြောက်တပ်ဖွဲ့ ပစ်ခတ်လေ့ကျင့်မှုကို ကင်မ်ဂျုံအန်း ကြီးကြပ်
DVB
·
March 19, 2024
North Korean leader Kim Jong Un guides a training of the fire division

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံအနောက်ဘက်ခြမ်းမှာ ‘အလွန်ကြီးမားတဲ့ ဒုံးပစ်လောင်ချာတွေ’ အပါအဝင် အမြောက်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်လေ့ကျင့်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း KRT က မတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီအမြောက်ပစ်လေ့ကျင့်မှုကို မတ် ၁၈ ရက်မှာ ပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုကို ကင်မ်ဂျုံအန်း ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားရဲ့ တရားဝင် သတင်းအေဂျင်စီ KCNA က ထုတ်ပြန်ခဲ့တာပါ။

“မျိုးဆက်သစ် ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရဲ့ အဓိက တိုက်ခိုက်ရေး နည်းလမ်းတွေထဲက တခုဖြစ်တဲ့ ဒုံးပျံလောင်ချာကြီးတွေ တပ်ဆင်ထားတဲ့ အရေးကြီးတဲ့ ပစ်ခတ်မှုတခုကို အနောက်ဘက်ခြမ်းမှာ အမြောက်တပ်တွေက ပစ်ခတ်မှုကို လေ့ကျင့်ခဲ့တယ်” လို့ KRT သတင်းဖတ်ကြားသူ ရီချွန်းဟီးက ဖတ်ကြားသွားပါတယ်။

“ရန်သူရဲ့မြို့တော်နဲ့ သူ့ရဲ့စစ်တပ်ဖွဲ့စည်းပုံကို ဖြိုဖျက်ပစ်ဖို့ မြောက်ကိုရီးယားစစ်တပ် ပိုင်ဆိုင်တဲ့ ချေမှုန်းရေး ထိုးစစ်နည်းလမ်းတွေဟာ ပြီးပြည့်စုံတဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ စစ်ပွဲဖြစ်နိုင်ခြေကို တားဆီးနှိမ်နင်းရမယ့် တာဝန်တွေကို ပိုပြီးသေချာနေအောင် လုပ်ဆောင်ရမယ်လို့ ခေါင်းဆောင် ကင်မ်က ပြောကြားသွားခဲ့တယ်” လို့လည်း သတင်းကြေညာသွားပါတယ်။

မီလီမီတာ ၆၀၀ ဒုံးပစ်လောင်ချာမျိုးစုံရဲ့ စစ်မှန်တဲ့ စစ်ပွဲစွမ်းရည်တွေကို စမ်းသပ်ဖို့နဲ့ အော်ပရေတာတွေရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်နဲ့ အဆင်သင့်အနေအထားကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အချိန်ကာလ နှစ်လတာအတွင်း သူ့ရဲ့ ပထမဆုံး ဒုံးကျည်စမ်းသပ်မှုအဖြစ် တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့က အစီရင်ခံပြီး နောက်တရက်မှာပဲ အမြောက်လေ့ကျင့်ရေး အစီရင်ခံစာ ထွက်လာတာပါ။

အမြောက်တပ်တွေကို ခေတ်မီအောင် မြှင့်တင်ဖို့ ကင်မ်က တောင်းဆိုခဲ့ပြီး စစ်ပွဲပြင်ဆင်မှုမှာ တိုက်ခိုက်မှုရဲ့ အဓိကဗဟိုချက်ဖြစ်တဲ့ ဒုံးပျံလောင်ချာတွေရဲ့ မဟာဗျူဟာတာဝန်တွေကို မီးမောင်းထိုး ပြောကြားသွားကြောင်းလည်း KRT က ဆိုပါတယ်။

ပြုံယမ်းဟာ ဆယ်စုနှစ်တွေကြာရှည်နေတဲ့ ကိုရီးယားနှစ်နိုင်ငံ ပေါ်လစီကို ချိုးဖျက်ခဲ့ပြီး စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းကာ ဆိုးလ်ကို ရန်လိုတဲ့ ရန်သူနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

Source/Photo-KCNA via REUTERS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013