Home
နိုင်ငံတကာ
အာကာသထဲ နျူးကလီးယားလက်နက် ထားရှိမှု တားမြစ်ချက်ကို လိုက်နာရန် အမေရိကန်နှင့် ဂျပန် တောင်းဆို
DVB
·
March 19, 2024
US, Japan urge nations not to deploy nuclear weapons in orbit

ရုရှားနိုင်ငံကို ရည်ရွယ်တဲ့ သတင်းစကားတရပ်အနေနဲ့ အာကာသထဲမှာ နျူးကလီးယား လက်နက်တွေထားတာကို တားမြစ်ထားတဲ့ သဘောတူညီချက်တရပ်ကို နိုင်ငံတွေအနေနဲ့ လိုက်နာသင့်တယ်လို့ အသားပေး ဖော်ပြထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်နဲ့ ဂျပန်တို့က မတ် ၁၈ ရက်မှာ အဆိုပြုခဲ့ပါတယ်။

ရုရှားအစိုးရဟာ အာကာသအခြေစိုက်ဂြိုဟ်တု နျူးကလီးယားလက်နက်ကို တီထွင် ထုတ်လုပ်နေတယ်လို့ အမေရိကန်အစိုးရက ယုံကြည်နေပြီး သူတို့ရဲ့ ဖောက်ခွဲမှုဟာ စစ်ရေးအဆက်အသွယ်တွေကနေ ဖုန်းအခြေပြု စီးနင်းခြင်းအထိ အရာအားလုံးကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

၁၉၆၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ ပြင်ပအာကာသ သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ ရုရှားနိုင်ငံဟာ နျူးကလီးယားလက်နက်တွေ ဒါမှမဟုတ် အစုလိုက် အပြုံလိုက် ဖျက်ဆီးပစ်တဲ့ တခြားလက်နက်တွေပါတဲ့ အရာဝတ္ထုတွေကို ကမ္ဘာပတ်လမ်းကြောင်းမှာ ချထားတာကို တားမြစ်ထားတယ်လို့ အရင်က ပြောထားဖူးပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကလည်း ဒီလက်နက်ကို တီထွင်ထုတ်လုပ်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကမ္ဘာပတ်လမ်းအတွင်း နျူးကလီးယားလက်နက် ဖြန့်ကျက်ချထားတာကို စာချုပ်အရ တားမြစ်ထားပေမဲ့ တီထွင်တာကိုတော့ တားမြစ်မထားပါဘူး။

သူတို့ရဲ့ဆုံးဖြတ်ချက်ထဲမှာ စစ်ပွဲမှာ နျူးကလီးယားလက်နက် သုံးခဲ့ဖူးတဲ့ တခုတည်းသောနိုင်ငံ အမေရိကန်ပြည်ထောင်စုနဲ့ နျူလက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ တခုတည်းသောနိုင်ငံ ဂျပန်တို့က ဒီစာချုပ်နဲ့ ချည်နှောင်ထားတဲ့ နိုင်ငံတွေကို အာကာသထဲမှာ နျူလက်နက်တွေ မထားဖို့နဲ့ မတီထွင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က ရီပတ်ဘလီကန် အမတ်တဦးက “ပြင်းထန်တဲ့ အမျိုးသား လုံခြုံရေးခြိမ်းခြောက်မှု” နဲ့ ပတ်သက်ပြီး လျှို့ဝှက်သတိပေးချက်တရပ် ထုတ်ပြန်ပြီးတဲ့နောက် ရုရှားက ဒီလိုလက်နက်တီထွင်ထုတ်လုပ်မှု ဖြစ်နိုင်ချေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လွှတ်တော်အမတ်ရဲ့ ပေးစာဟာ အာကာသအခြေစိုက် ဂြိုဟ်တုဆန့်ကျင်ရေးလက်နက်နဲ့ ဆက်နွှယ်နေတယ်၊ ဒါက အာကာသစာချုပ်ကို ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၅ ရက်မှာ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

ဒီစကားဟာ ဒီလက်နက်ကို ရုရှားအစိုးရက လုပ်ဆောင်နေတယ်လို့ အမေရိကန်အစိုးရက ထင်နေတဲ့ အရှင်းလင်းဆုံးလက္ခဏာ ဖြစ်လာပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024